ရိုဟင်ဂျာအကျပ်အတည်းအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရကို ကူညီမယ်လို့ UNHCR ပြော
2025.01.22

ရိုဟင်ဂျာအကျပ်အတည်းအတွက် ရေရှည်အဆင်ပြေမဲ့အဖြေကို ရှာဖွေဖို့ကြိုးပမ်းရေးမှာ ဘင်္ဂလားဒေ့ရှ် အစိုးရကို ပံ့ပိုးကူညီသွားမယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး ဖိလစ်ပို ဂရမ်ဒီ (Filippo Grandi) က အင်္ဂါနေ့က ပြောလိုက်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ဘင်္ဂလားဒေ့ရှ်အကြံပေးအရာရှိချုပ်ပရော်ဖက်ဆာ မိုဟာမက်ယူနွတ်စ်နဲ့ မဟာမင်းကြီးတို့ တွေ့ဆုံရာမှာပြောခဲ့တာလို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် Daily Sun သတင်းက ရေးသားပါတယ်။
ဘင်္ဂလားဒေ့ရှ်အကြံပေးအရာရှိချုပ်က ရိုဟင်ဂျာပြဿနာအတွက် အကူအညီတောင်းခံခဲ့သလို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးကလည်း ပူးပေါင်းဆောင်ရွက်ဖို့အသင့်ရှိတယ်လို့ ပြောခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်က ရိုဟင်ဂျာအကျပ်အတည်းကို တစ်ကမ္ဘာလုံးက အာရုံစိုက်ဖို့ တောင်းဆိုခဲ့ပြီး နောက်ထပ် ရိုဟင်ဂျာဒုက္ခသည် တစ်သိန်းလောက် ထပ်ဝင်လာတာက ဘင်္ဂလားဒေ့ရှ်အတွက် ဝန်ထုပ်ဝန်ပိုး ပိုဖြစ်လာစေတယ်လို့ ပြောပါတယ်။
“အခြေအနေက ရှုပ်ထွေးလာတယ်။ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်ကို တွန်းပို့နေတယ်” လို့ အကြံပေးအရာရှိက ပြောပါတယ်။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး ဂရမ်ဒီက ရိုဟင်ဂျာတွေကို အမိုးအကာတွေ ဆောက်ဖို့ ကောင်းမွန်တဲ့ပစ္စည်းတွေကို အသုံးပြုခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။
UNHCR အကြီးအကဲနဲ့ ဘင်္ဂလားဒေ့ရှ်အကြံပေးအရာရှိချုပ်တို့တွေ့ဆုံမှုမှာ ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေကိုဆွေးနွေးခဲ့သလို ဘင်္ဂလားဒေ့ရှ်ဘက်က ရိုဟင်ဂျာအကျပ်အတည်း အတွက် ထိပ်တန်းကိုယ်စားလှယ်တစ်ဦးကို ခန့်အပ်ထားပြီး အစိုးရနဲ့ နိုင်ငံတကာအေဂျင်စီတွေကြား ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ပြောခဲ့ပါတယ်။