ဒုက္ခသည်တွေကို လက်ခံဖို့ ပြင်ဆင်နေကြောင်း မြန်မာပြောကြား
2018.10.31
ရခိုင်ပြည်နယ်က ရိုဟင်ဂျာကျေးရွာတွေမှာ မွတ်စလင်တွေအပေါ် စစ်တပ်က အကြမ်းဖက်သတ်ဖြတ်ခဲ့တဲ့ အထောက် အထားတွေကို လက်စဖျောက်တဲ့အနေနဲ့ မြန်မာအစိုးရက ဖျက်ဆီးနေတယ်လို့ ဗြိတိန်နိုင်ငံထုတ် ဂါဒီးယန်း သတင်းစာမှာ မနေ့က ဖေါ်ပြခဲ့ပါတယ်။ အစိုးရဌာနတခုက တည်ဆောက်ခဲ့တဲ့ အမိုးပြာနဲ့ အိမ်သစ်တွေဘေးမှာ ဘူဒိုဇာတွေနဲ့ ဘက်ဟိုး မြေထိုးယာဉ်ကြီးတွေ ရပ်နားထားတဲ့ ဓါတ်ပုံတွေနဲ့ ဖေါ်ပြတဲ့ဆောင်းပါးကို Press TV အီရန်သတင်းဌာနက ထပ်ဆင့်ဖေါ်ပြပါတယ်။
အဲဒီ အိမ်သစ်တွေမှာ မြန်မာနိုင်ငံ တခြားနေရာတွေက ရခိုင်၊ ချင်း၊ ဗမာနဲ့ ဟိန္ဒူတွေ မကြာခင် လာရောက်နေ ထိုင်ကြမှာဖြစ်ကြောင်း အင်းဒင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်စိုးမိုး က ပြောဆိုကြောင်းလည်း ပါရှိပါတယ်။
ရခိုင်ပြည်နယ်က ထွက်ပြေးခဲ့ကြတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး ပထမဆုံးအစီအစဉ်ကို လာမယ့် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ စတင်ဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီခဲ့ကြတဲ့ သတင်းနဲ့ တပြိုင်နက်ပေါ်ထွက်လာတာပါ။
ဒီသတင်းနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးဟောက်ဒိုစွမ်းက ဒုက္ခသည်တွေပြန် လာရင် အသင့်နေထိုင်ဖို့ သက်ဆိုင်ရာတွေက ပြင်ဆင်နေတာဖြစ်ကြောင်းနဲ့ ဒါဟာ မိမိတို့ အစိုးရကို ဂုဏ်သိက္ခာ ကျဆင်းအောင် တမင်ရည်ရွယ်တိုက်ခိုက်တာဖြစ်တယ်လို့ RFA ကို မနေ့ညနေက ပြောပါတယ်။
"သူတို့ပြန်လာရင် ဘယ်မှာသွားနေမလဲ၊ နေဖို့ထိုင်ဖို့ကိစ္စတွေ ကျနော်တို့ စီစဉ်ပေးရမှာပေါ့၊ ဒါတွေအတွက် ကျနော်တို့ ပြင်ဆင်စရာရှိတာ ပြင်ဆင်ရမှာပေါ့၊ သူတို့ပြန်လာရင် နေလို့ရအောင် ထိုင်လို့ရအောင် ပြင်ဆင်တဲ့ ဟာကျတော့ အပြစ်ပြောတယ်၊ အဲတော့ ဘယ်လိုလုပ်ရမလဲ၊ လာတဲ့အခါကျရင် ကွင်းပြင်ထဲမှာထားလို့ရမလား၊ ဒါဟာတော့ နည်းနည်းနားလည်ဖို့လိုမှာပေါ့နော်"
Cox’s Bazar စခန်းက ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးနဲ့ ပတ်သက်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက - အရင်က နှစ်နိုင်ငံသဘောတူညီထားတဲ့အတိုင်း ဒုက္ခသည်တွေ ပြန်လည်လက်ခံမယ့်နေရာ၂ နေရာမှာ၊ တစ်နေရာအတွက် တစ်ရက်ကို အယောက် ၁၅၀ နှုန်း သတ်မှတ်ထားပြီး၊ လောလောဆယ် အတည်ပြုထားတာ လူ ၇ ထောင် ကျော် ရှိတယ်လို့ RFA ကို ပြောပါတယ်။
မြန်မာနိုင်ငံခြားရေးအတွင်းဝန် ဦးမြင့်သူ ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ဟာ ကုတုပလောင်စခန်း ဒီကနေ့ုသွားပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။
လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ရိုဟင်ဂျာ အသိုင်းအဝိုင်းခေါင်းဆောင်တွေကတော့ - ဒုက္ခသည်အများစု နေထိုင်ခဲ့ပြီး၊ ထွက်ခွာလာခဲ့ရာ ရခိုင်ပြည်နယ်မြောက်ပိုင်းဟာ ပြန်လည်သွားရောက်နေထိုင်ဖို့ အသင့်အခြေအနေမှာ မရှိသေးဘူးလို့ ပြောဆိုကြပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံသားဖြစ်ခွင့် အပါအဝင် တောင်းဆိုထားတဲ့အချက်တွေ အပြည့်အဝမရမချင်း ပြန်မှာမဟုတ်ကြောင်းလည်းပြောဆိုပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးဟောက်ဒိုစွမ်းကတော့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး နဲ့ ပတ်သက်ပြီး လက်တွေ့ကျကျဖြစ်နိုင်တဲ့ တောင်းဆိုချက်တွေကို အတတ်နိုင်ဆုံးလိုက်လျှောဆောင်ရွက် မှာဖြစ်တယ်လို့ ပြောပါတယ်။