ရိုဟင်ဂျာလှေတစ်စင်း အင်ဒိုနီးရှားမှာကမ်းတင်
2023.02.16

ရိုဟင်ဂျာဒုက္ခသည် ၆၉ ဦး လိုက်ပါလာတဲ့ နောက်ထပ်စက်လှေတစ်စင်း ဖေဖော်ဝါရီလ ၁၆ ရက် ဒီကနေ့ အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကမ်းခြေကို ရောက်ရှိလာတယ်လို့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပြောပါတယ်။
အမျိုးသမီးနဲ့ ကလေးငယ်တွေပါ လိုက်ပါလာတဲ့ အဲဒီစက်လှေဟာ ပင်လယ်ပြင်ထဲမှာ ၁၅ ရက်လောက် မျောနေပြီးနောက် ကမ်းတင်လာတာလို့ ဆိုပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တစ်ဦးက "မျောနေတဲ့ ၁၅ ရက်လုံးလုံး ကျွန်တော်တို့မှာ ဘာမှစားစရာမရှိလို့ အငတ်နေခဲ့ရတယ်" လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာလည်း နေရေးထိုင်ရေး အဆင်မပြေတဲ့အတွက် ပင်လယ်ကိုဖြတ်ပြီး နောက်ထပ်နိုင်ငံတစ်နိုင်ငံကို အသက်စွန့်ထွက်ပြေးနေကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လတွေအတွင်း အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကမ်းခြေကို ရောက်လာတဲ့ ဒုက္ခသည်ဦးရေ ရာနဲ့ချီပြီး ရှိနေပြီလို့ ရိုက်တာသတင်းဌာနက ပြောပါတယ်။
ငါးဖမ်းစက်လှေတွေနဲ့ ပင်လယ်ကူးပြီးထွက်ပြေးလာရင်း အရေအတွက် မခန့်မှန်းနိုင်တဲ့ ဒုက္ခသည်တွေဟာ ပင်လယ်ပြင်မှာပဲ အစာရေစာငတ်ပြတ်ပြီး သေဆုံးခဲ့ကြရတယ်လို့ ဆိုပါတယ်။

ဒီနေ့ ကမ်းတင်လာတဲ့အထဲက ရိုဟင်ဂျာတစ်ဦးက "ကျွန်တော့်ဘဝကို ကောင်းကောင်းမွန်မွန် ဆက်ပြီးရှင်သန်ချင်တယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကြုံခဲ့ရသလို အဖမ်းအဆီးခံရတာတွေ မကြုံချင်တော့ဘူး" လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။