ရိုဟင်ဂျာ ပြဿနာကို မြန်မာအစိုးရ ဖြေရှင်းဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ARSA ပြော


2018.01.29
bangladesh-refugees-camp-622 ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မွတ်စလင် ဒုက္ခသည်စခန်းတွေကို တွေ့ရစဉ်
Photo: AP

မြန်မာအစိုးရဟာ ရိုဟင်ဂျာ ပြဿနာကို ဖြေရှင်းဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ရခိုင် ရိုဟင်ဂျာ ကယ်တင်ရေးတပ် ARSA ခေါ် အကြမ်းဖက်အဖွဲ့က ပြောဆိုကြောင်း ဒါကာ ထရီဗြွန်း သတင်းစာက ဖေါ်ပြပါတယ်။

မြန်မာအစိုးရဟာ စစ်မှန်တဲ့ ဒုက္ခသည် ပြန်လည်လက်ခံရေးအပေါ် စိတ်မဝင်စားဘဲ၊  ဘင်္ဂလားဒေ့ရှ် အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းကို ကစားပြီး လှည့်စားနေတာသာဖြစ်တယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီကြေညာချက်မှာ မြန်မာ အစိုးရ နဲ့ စစ်တပ်ကို အကြမ်းဖက်လို့ တံဆိပ်ကပ် သုံးနှုန်းထားပြီး၊ စစ်တပ်ဟာ ရခိုင်ရွာတွေမှာ မတော်မတရား လုပ်ရပ်တွေ ကျူးလွန်နေဆဲပဲလို့လည်း ဖေါ်ပြထားပါတယ်။ ဇန်နဝါရီ ၂ နဲ့ ၂၄ ရက်နေ့တွေက မောင်တောမြို့နယ် တောင်ပြိုလက်ယာ နဲ့ ဘူးသီးတောင်မြို့နယ် လက်ဝဲဒက်ပြင်ရှည်ကျေး ရွာတွေကို စစ်တပ်နဲ့ အစွန်းရောက် ရခိုင်တွေက မီးရှို့ခဲ့ကြတယ်လို့လည်း စွပ်စွဲထားတယ်လို့ ဒါကာ ထရီဗြွန်း သတင်းစာက ဖေါ်ပြပါတယ်။

ဒါ့ပြင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖွဲ့ထဲကနေ  အမေရိကန် ဝန်ကြီးဟောင်း Bill Richardson နုတ်ထွက် လိုက်တဲ့အပေါ် ကြိုဆိုကြောင်း၊ တခြားအဖွဲ့ဝင်တွေလည်း မြန်မာအစိုးရနဲ့ စစ်တပ်အပေါ် အထောက်အကူတွေ မပေးသင့်တော့ကြောင်း ARSA အကြမ်းဖက်အဖွဲ့ခေါင်းဆောင် အတူလာ က တိုက်တွန်းကြောင်းလည်း ဖေါ်ပြ ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။