ရိုဟင်ဂျာအရေး နိုင်ငံတကာ အရေးပေါ်ကူညီဖို့လိုကြောင်း အထူးကိုယ်စားလှယ်ပြော

RFA Burmese
2024.05.23
ရိုဟင်ဂျာအရေး နိုင်ငံတကာ အရေးပေါ်ကူညီဖို့လိုကြောင်း အထူးကိုယ်စားလှယ်ပြော ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့မှ ရိုဟင်ဂျာများအား ၂၀၁၇ ခုနှစ်၊ ဇူလိုင်လအတွင်းက တွေ့ရစဉ်။
Photo: RFA

ရခိုင်ပြည်နယ်က ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေရဲ့ ဘ၀ကိုကယ်တင်ဖို့အတွက် နိုင်ငံတကာရဲ့ အရေးပေါ် ဆောင်ရွက်မှုက အရေးကြီးကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တွမ် အင်ဒရူး (Tom Andrews) က မေလ ၂၃ ရက် ဒီနေ့ထုတ်ပြန်တဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး UN OHCHR ရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုပါတယ်။

နောက်ထပ်ရိုဟင်ဂျာတွေ သွေးချောင်းစီးမယ့်လက္ခဏာကို နိုင်ငံတကာအသိုင်းအဝိုင်းက တုံ့ပြန်ဖို့ ပျက်ကွက်ရင် အပြစ်မဲ့ပြည်သူ ထောင်နဲ့ချီသေဆုံးရလိမ့်မယ်လို့လည်း တွမ် အင်ဒရူးက ပြောပါတယ်။

စစ်ကောင်စီက အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားချိန်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက သတင်းအချက် အလက်တွေရရှိဖို့ စိန်ခေါ်မှုတွေရှိနေပြီး ခိုင်မာတဲ့သတင်းတွေအရ အဲဒီမှာ သတ်ဖြတ်မှုတွေ၊ လူအစဖျောက်မှုတွေနဲ့ မီးလောင်တာတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်၊ ရက္ခိုင့်တပ်တော် (AA) နဲ့ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) တို့ အပါအဝင် လက်နက်ကိုင်အဖွဲ့ အစည်းအများအပြားလှုပ်ရှားနေတဲ့ ရခိုင်ပြည်နယ်မှာ အားလုံးက နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေကိုလိုက်နာပြီး လူမျိုးဘာသာမခွဲခြားဘဲ အပြစ်မဲ့အရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးကြဖို့ တောင်းဆိုတယ်လို့ တွမ် အင်ဒရူးက ပြောပါတယ်။

အရေးပေါ် လူသားချင်းစာနာမှုအကူအညီတွေထောက်ပံ့နိုင်ရေး ချက်ချင်းအကောင်အထည်ဖော်ဆောင်ရွက်ဖို့ လိုအပ်ပြီး ရခိုင်ပြည်နယ်အတွင်း အကူအညီတွေရောက်ရှိဖို့ အဖွဲ့အစည်းအားလုံးက ပံ့ပိုးရမယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့လည်း နယ်စပ်ပိတ်တဲ့မူဝါဒကို ပြင်ဆင်ပြီး ရိုဟင်ဂျာတွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနိုင်မှုကို ထပ်မံပြသဖို့ အရေးပေါ်မေတ္တာရပ်ခံချင်တယ်လို့ တွမ် အင်ဒရူးက ပြောပါတယ်။

ဒီပဋိပက္ခအတွက် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ကြားဝင်ထောက်ပံ့ကူညီမှုမရှိဘဲ လိုအပ်ချက်တွေကို ဘင်္ဂလားဒေ့ရှ် တစ်နိုင်ငံတည်းက ဆောင်ရွက်နိုင်မှာ မဟုတ်တဲ့အကြောင်းလည်း တွမ် အင်ဒရူးက သတိပေးပြောကြားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။