ကမ္ဘာ့ဘဏ်က ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အမေရိကန်ဒေါ်လာ ၃၁၅ သန်းထောက်ပံ့

RFA Burmese
2024.01.24
ကမ္ဘာ့ဘဏ်က ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အမေရိကန်ဒေါ်လာ ၃၁၅ သန်းထောက်ပံ့ အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် အနောက်ဘက်ကမ်းခြေသို့ စက်လှေဖြင့် ဆိုက်ကပ်ရောက်ရှိလာသည့် ရိုဟင်ဂျာဒုက္ခသည်များအား ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က တွေ့ရစဥ်။
AFP

ကမ္ဘာ့ဘဏ်က ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် အမေရိကန် ဒေါ်လာ ၃၁၅ သန်း ထောက်ပံ့ကူညီသွားမယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး တူရကီ အစိုးရပိုင်သတင်းဌာန AA က ဇန်နဝါရီလ ၂၃ ရက်မှာ ရေးသားခဲ့ပါတယ်။

ဒါကာမြို့မှာ ဇန်နဝါရီလ ၂၃ ရက်က ကမ္ဘာ့ဘဏ်ရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Abdoulaye Seck နဲ့တွေ့ဆုံပြီးနောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Hasan Mahmud က အခုလို ပြောကြားခဲ့တာလို့ ဆိုပါတယ်။

ကမ္ဘာ့ဘဏ်က စုစုပေါင်း ဒေါ်လာ သန်းခုနစ်ရာ ထောက်ပံ့ကူညီတာ ဖြစ်ပါတယ်။ အဲဒီထဲက ဒေါ်လာ ၃၁၅ သန်းက ရိုဟင်ဂျာ ဒုက္ခသည်တွေကို ထောက်ပံ့တာဖြစ်ပြီး ကျန်ဒေါ်လာ ၃၈၅ သန်းကတော့ ကော့ဘဇားမှာရှိတဲ့ ဒေသခံတွေကို အတိုးသက်သာခွင့်နဲ့ပေးမယ့် ထောက်ပံ့ချေးငွေ ဖြစ်တယ်လို့ AA က ဖော်ပြပါတယ်။

ယူဂန်ဒါနိုင်ငံမှာ ကျင်းပတဲ့ အစည်းအဝေးတစ်ခုမှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးနဲ့ လတ်တလော တွေ့ဆုံထားပြီး ရိုဟင်ဂျာတွေ နေရပ်ပြန်ဖို့ အကောင်အထည်ဖော်ရေးကိစ္စမှာ မြန်မာနိုင်ငံဘက်က အပြုသဘောဆောင်တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုထားပါတယ်။

ကော့ဘဇားမှာ ဒုက္ခသည် ၁ ဒသမ ၂ သန်း ခိုလှုံနေပြီး အများစုဟာ ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ စစ်တပ်ရဲ့ အကြမ်းဖက်မှုကြောင့် ထွက်ပြေးလာသူတွေ ဖြစ်တယ်လို့ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။