အင်ဒိုနီးရှားနဲ့ မလေးရှားကို ရိုဟင်ဂျာဒုက္ခသည် ရာနဲ့ချီရောက်
2025.01.06

အင်ဒိုနီးရှားနိုင်ငံ ဆူမတ်တြားကျွန်း အာချေးပြည်နယ် ကမ်းခြေကို ရိုဟင်ဂျာ လှေစီးဒုက္ခသည် ၂၀၀ ကျော် မနေ့က တနင်္ဂနွေညနေမှာ ရောက်လာတယ်လို့ ဒေသခံ အာဏာပိုင်တစ်ယောက်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာစ်သတင်းမှာ ဒီနေ့ ဖော်ပြထားပါတယ်။
အဲဒီလူတွေကိစ္စအတွက် ဒေသခံအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက အရာရှိ ဖေဆယ် ရာမန်း (Faisal Rahman) က ပြောပါတယ်။
ဒီအတောအတွင်းမှာပဲ မလေးရှားနိုင်ငံ လန်ကာဝီကျွန်းနားမှာ မြန်မာနိုင်ငံက အထောက်အထားမဲ့ အယောက် ၃၀၀ လောက်ကို သယ်လာတဲ့ စက်လှေနှစ်စင်းကို မလေးရှား ရေပိုင်နက်ထဲကနေ မနေ့က ပြန်မောင်းထုတ်လိုက်တယ်လို့ ရိုက်တာစ်သတင်းမှာ ဖော်ပြထားပါတယ်။
သူတို့ဆီမှာ စားစရာနဲ့ ရေပြတ်နေတဲ့အတွက် အာဏာပိုင်တွေက လိုအပ်တာထောက်ပံ့ပေးပြီး ပြန်မောင်းထုတ်လိုက်တာလို့ ဆိုပါတယ်။ အဲဒီလူတွေဟာ ရိုဟင်ဂျာတွေလားဆိုတာကိုတော့ မလေးရှား အာဏာပိုင်တွေကမပြောပါဘူး။
သောကြာနေ့ကတော့ အဲဒီလန်ကာဝီကျွန်းကို ရောက်လာတဲ့ ရိုဟင်ဂျာလို့ ယူဆရတဲ့သူ ၁၉၆ ယောက်ကို မလေးရှား အာဏာပိုင်တွေက ထိန်းသိမ်းလိုက်ပါတယ်။ အဲဒီအဖွဲ့မှာ ကလေး ၇၁ ယောက်နဲ့ အမျိုးသမီး ၅၇ ယောက်ပါတယ်လို့ ဆိုပါတယ်။ သူတို့ကို ကျန်းမာရေးစစ်ပြီး အထောက်ကိစ္စတွေ ဆောင်ရွက်နေတယ်လို့ မလေးရှား အာဏာပိုင်တွေက ပြောပါတယ်။