ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်မှု လူတစ်ထောင်ကျော် အိုးအိမ်မဲ့
2024.06.01

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားက ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ဇွန်လ ၁ ရက်နေ့က လူနေအိမ်တွေနဲ့ စျေးဆိုင်ခန်းတွေအပါအဝင် နှစ်ရာနီးပါး မီးလောင်ခဲ့တာကြောင့် လူ ၁၂၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
စခန်း ၁၃ မှာ မီးထပ်လောင်တာလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တန်ခါလီဒုက္ခသည်စခန်းက ရိုဟင်ဂျာလူငယ်များအစည်းအရုံးရဲ့ ညွှန်ကြားရေးမှူး ကိုခင်မောင်က ပြောပါတယ်။
"ပြီးခဲ့တဲ့အပတ်ကလိုပဲ စခန်း ၁၃ မှာ မီးလောင်ခဲ့တာ၊ လူတွေပြောတာတော့ နှစ်ရာလောက် မီးထဲပါသွားတယ်ကြားတယ်၊ လူနေအိမ်တွေလည်း ပါသွားတယ်၊ စျေးဆိုင်တွေလည်း ပါသွားတယ်"
အိမ်ပျက်စီးသွားသူတွေကို အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်းတွေက စားသောက်ဖို့ အကူအညီပေးနေပြီး ဘာသာရေးအဆောက်အဦးတွေ၊ နီးစပ်ရာဆွေမျိုးအိမ်တွေမှာ ခိုလှုံနေကြသူတွေရှိသလို တချို့ကတော့ မီးလောင်ခဲ့တဲ့နေရာမှာပဲ ယာယီနေကြတယ်လို့ ဆိုပါတယ်။
ဒီမီးလောင်မှုဟာ ပေါ့ဆမှုကြောင့်ဖြစ်တာလို့ ပြောဆိုနေကြပြီး ဘာကြောင့်ဆိုတာအတိအကျမသိသေးဘူးလို့လည်း ကိုခင်မောင်က ပြောပါတယ်။
စခန်းမှာရှိတဲ့ စျေးဆိုင်တစ်ဆိုင်ကနေ မီးရှို့မှုလို့ သံသယဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် ကယ်ဆယ်ရေးနဲ့ နေရပ်ပြန်ပို့ရေး ကော်မရှင်နာ Mohammed Mizanur Rahman က ဘင်္ဂလားဒေ့ရှ်အခြေစိုက် The Express Tribune သတင်းဌာနကို ပြောဆိုထားပါတယ်။
ဒီမီးလောင်မှုကြောင့် ဆိုင်ခန်းတွေ၊ ဘာသာရေးကျောင်းတွေအပါအဝင် အဆောက်အအုံ ၁၇၅ လုံး မီးလောင်ခဲ့ပြီး လူ သုံးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကော့ဘဇား ဒုက္ခသည်ရုံးက သိရကြောင်းလည်း ဖော်ပြထားပါတယ်။
မေလ ၂၄ ရက်နေ့ကလည်း စခန်းအမှတ် ၁၃ မှာပဲ မီးလောင်မှုဖြစ်ခဲ့ပြီး အိမ်ခြေ ၃ဝဝ နီးပါး မီးလောင်ပြာကျကာ လူ ၅ဝဝ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့ကလည်း ကော့ဘဇားမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်း အမှတ် ၅ မီးလောင်ကျွမ်းခဲ့တာကြောင့် အိမ်ခြေ ၉၅ဝ လောက် မီးလောင်ပြာကျသွားပြီး လူ ခုနစ်ထောင်ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
ကော့ဘဇားမှာ မြန်မာနိုင်ငံကနေ ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေ သန်းနဲ့ချီနေပြီး ကမ္ဘာပေါ်မှာအကြီးဆုံး ဒုက္ခသည်စခန်းနေရာလည်းဖြစ်ပါတယ်။ အဲဒီဒုက္ခသည်စခန်းတွေဟာ တဲအိမ်တွေကြား အစုလိုက်အပြုံလိုက်နေရတာကြောင့် မကြာခဏမီးလောင်လေ့ရှိပါတယ်။