ရိုဟင်ဂျာကိစ္စ ဖိအားပိုမိုပေးဖို့ OIC ထုတ်ပြန်

အဖွဲ့ဝင်နိုင်ငံ ၅၇ နိုင်ငံပါဝင်တဲ့ OIC ခေါ် အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ရဲ့ အစ္စလာမ်မစ် သွေးစည်းညီညွတ်ရေး ညီလာခံကို ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့မှာ မနေ့က ကျင်းပပြီးစီးခဲ့ရာ မြန်မာနိုင်ငံက ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်လို့ ဖိအား ပိုမိုပေးဖို့ ဆွေးနွေးခဲ့ကြောင်း OIC ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

2012.08.16

OIC အဖွဲ့ဝင် မဟုတ်တဲ့ နိုင်ငံတွေက အစ္စလာမ် အသိုင်းအဝိုင်းတွေ၊ အဲဒီအသိုင်းအဝိုင်းတွေကို အမှန်တကယ် ကိုယ်စားပြုသူတွေနဲ့ ပြောဆိုဆွေးနွေးဖို့ အရေးကြီးကြောင်း၊ ဒါမှသာ သူတို့ရဲ့အခွင့်အရေးတွေ ကာကွယ်နိုင်မှာဖြစ်ပြီး အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နိုင်မှာ ဖြစ်ကြောင်း၊ ဒီကိစ္စနဲ့ဆက်နွယ်ပြီး မြန်မာနိုင်ငံက ရိုဟင်ဂျာ မူဆလင်တွေအပေါ် မြန်မာအစိုးရက အကြမ်းဖက် ဖိနှိပ်နေတာတွေဟာ နိုင်ငံတကာ လူ့အခွင့်အရေးစံတွေ အပါအဝင် ကိုယ်ကျင့်သိက္ခာဆိုင်ရာ စံတွေနဲ့ မကိုက်ညီတဲ့အတွက် ရှုတ်ချကြောင်းလည်း ဖော်ပြပါတယ်။

ဒါ့ပြင် အဖွဲ့အစည်း အားလုံးနဲ့အတူ ပူးပေါင်းပြီး ဒုက္ခသည်တွေဆီကို လူသားချင်း စာနာရေး အကူအညီတွေ အပြည့်အ၀ ရောက်ရှိခွင့်ပြုဖို့ ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့် ပြန်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းကြောင်း မြန်မာအစိုးရနဲ့ သံတမန်ရေး၊ နိုင်ငံရေး၊ စီးပွားရေး အဆက်အသွယ်ရှိတဲ့ OIC အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ အဲဒီ ဆက်ဆံမှုတွေကို အသုံးချပြီး ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်နေတာတွေကို ရပ်ဆိုင်းအောင် မြန်မာအစိုးရကို ဖိအားပေးကြဖို့ တိုက်တွန်းကြောင်း OIC အဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။