ရိုဟင်ဂျာတွေသေဆုံးမှု AA ကို စုံစမ်းစစ်ဆေးဖို့ Fortify Rights ပြော

RFA Burmese
2024.08.27
ရိုဟင်ဂျာတွေသေဆုံးမှု AA ကို စုံစမ်းစစ်ဆေးဖို့ Fortify Rights ပြော မောင်တောမြို့နယ် နတ်မြစ်အနီး သေဆုံးသွားသည့် ရုပ်အလောင်းများအနီးတွင် ရိုဟင်ဂျာအမျိုးသမီးအား ၂၀၂၄ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့က တွေ့ရစဉ်။
AFP

အာရက္ခတပ်တော် (AA) ရဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ အစုအလိုက် အပြုံလိုက်သတ်ဖြတ်မှုကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) က စုံစမ်းစစ်ဆေးပေးဖို့ လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ Fortify Rights အဖွဲ့က ဩဂုတ် ၂၇ ရက် ဒီနေ့ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

ICC အနေနဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာလူမျိုးစုတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ အဓမ္မ နေရပ်စွန့်ခွာစေမှုတွေကို စုံစမ်းစစ်ဆေးအရေးယူနိုင်တဲ့ အခွင့်အာဏာရှိပြီးဖြစ်တယ်လို့ ဆိုပါတယ်။

AA ရဲ့ လတ်တလော ရိုဟင်ဂျာတွေအပေါ် တိုက်ခိုက်မှုတွေကိုလည်း ICC ရဲ့ ဆက်လက်စုံစမ်းစစ်ဆေးမှုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ စုံစမ်းစစ်ဆေးသင့်တယ်လို့လည်း Fortify Rights ရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မောင်တောမြို့က ရိုဟင်ဂျာတွေ ထွက်ပြေးတိမ်းရှောင်ရမှုနဲ့ ပြီးခဲ့တဲ့ ဩဂုတ်လ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရိုဟင်ဂျာတွေအပေါ် AA ရဲ့ တိုက်ခိုက်မှုတွေကိုလည်း Fortify Rights က စုံစမ်းစစ်ဆေးပြီး မှတ်တမ်းတင်ထားတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) အကြား တိုက်ပွဲပြင်းထန်နေချိန် ဩဂုတ်လ ၅ ရက်နေ့က မောင်တောမြို့နယ်က ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးဖို့ စက်လှေစောင့်နေတဲ့ နတ်မြစ်အနီးမှာ AA က လက်နက်ကြီးအပါအဝင် ရှော့တိုက်ဒုံးတွေနဲ့ပစ်ခတ်ခဲ့လို့ လူရာနဲ့ချီ သေဆုံးသွားတယ်လို့ အသက်ရှင် ကျန်သူတွေက ပြောတဲ့အကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

ရိုက်တာနဲ့ ဆက်သွယ်စကားပြောခဲ့တဲ့ မျက်မြင်သက်သေ လေးဦးထဲက သုံးဦးက သေဆုံးသူ နှစ်ရာကျော်ထိ ရှိနိုင်တယ်လို့ ပြောပြီး၊ ကျန်တစ်ဦးကတော့ အနည်းဆုံး အလောင်း ၇၀ ခန့် တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

AA ကတော့ မောင်တောမြို့နယ်က ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးဖို့ ကြိုးစားချိန်မှာ တိုက်ခိုက်ခံရပြီး အများအပြား သေဆုံးခဲ့တာဟာ အာရက္ခတပ်တော် (AA) နဲ့ သက်ဆိုင်မှု မရှိကြောင်း ဩဂုတ်လ ၇ ရက်နေ့မှာ ကြေညာချက်ထုတ်ထားပါတယ်။

ဒီ့အပြင် သြဂုတ်လ ၅ ရက်က တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေဟာ အချက်အလက်တွေ ကွဲလွဲနေတယ်လို့ AA က ဩဂုတ်လ ၂၁ ရက်နေ့ ထုတ်ပြန်တဲ့ ကနဦး အချက်အလက် စစ်ဆေးခြင်းနဲ့ ဖြစ်ရပ်ပေါ် ဆန်းစစ်ချက်မှာ ဖော်ပြထားပါတယ်။

သက်သေမခိုင်မာဘဲ AA ကို စွပ်စွဲတာဟာ နိုင်ငံရေးလှုံ့ဆော်မှုတွေ ဖြစ်တယ်လို့ အသက်ရှင်ကျန်သူ တချို့ကပြောကြောင်း AA ရဲ့ ဆန်းစစ်ချက်မှာ ထည့်သွင်းပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။