ကော့သောင်းမှာ ဖမ်းမိတဲ့ ရိုဟင်ဂျာများ လာရင်းဒေသ ပြန်ပို့ပြီ
2013.01.11

ပြီးခဲ့တဲ့ရက်ပိုင်းက အဲ့ဒီ ရိုဟင်ဂျာ ၈၅ ယောက်ကို သက်သေအထောက်အထား လက်မှတ်တစ်စုံတစ်ရာမရှိတဲ့အတွက် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေနဲ့ အရေးယူဖို့ နေပြည်တော်ကို တင်ပြထားရာက ဇန်နဝါရီ ၁ဝ ရက်နေ့ မနေ့ညနေက နေရပ်ဒေသကိုပဲပြန်ပို့ဖို့ ညွန်ကြားလာတဲ့အတွက် ဒီကနေ့မနက်မှာ ပြန်ပို့လိုက်တာဖြစ်တယ်လို့ ကော့သောင်း လူဝင်မုှကြီးကြပ်ရေးဌာန ဦးစီးမှူး က RFA ကို ပြောပါတယ်။
"အထက်ကို တင်ပြထားတာကို တရားမစွဲပါနဲ့ နေရပ်ဒေသပဲပြန်ပို့ပါဆိုပြီးတော့ နေပြည်တော်က အဲ့လို အကြောင်းပြန်လာတယ် မနေ့က ၄ နာရီလောက်ကပေါ့။ အဲဒါကြောင့်မို့ ဒီနေ့မနက်ပြန်ပို့တာ၊ ပို့လိုက်ပြီ အကုန်ပို့လိုက်ပြီ ဒီနေ့မနက်၊ ကျနော်တို့က ဒီကနေပြီးတော့ မြိတ်ကိုသွားမယ်၊ မြိတ်ကနေပြီး မြစ်ကြီးနားသဘောၤနဲ့ ရန်ကုန်ကိုပေါ့၊ ကျနော်တို့ ရန်ကုန်မှာ တိုင်းလဝကအစီအစဉ်နဲ့ သူတို့နေရပ်ဒေသ ပြန်ပို့မှာပေါ့နော်"
ပြန်ပို့လိုက်တဲ့ ရိုဟင်ဂျာ ၈၅ ယောက်ဟာ ပြည်ပနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ဖို့ဆိုပြီး၊ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာရှိတဲ့ သဲချောင်း ဒုက္ခသည်စခန်းကနေပြီး ဇန်နဝါရီ ၂ ရက်နေ့ ည ၁ဝ နာရီခွဲခန့်မှာ ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက်ကို စက်လှေနဲ့ရောက်ရှိလာကြပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေ ဖြစ်ကြပါတယ်။
အဲဒီထဲမှာ အသက် ၁၈ နှစ်အထက် ၃၆ ယောက်သာပါဝင်ပြီး အသက် ၁၈ နှစ်အောက် ကလေးတွေက ၄၉ ယောက် ပါရှိတယ်လို့ ကော့သောင်းလူဝင်မှု ကြီးကြပ်ရေး ဦးစီးမှူးထံမှ သိရပါတယ်။