ကျောက်ဖြူက ရိုဟင်ဂျာဒုက္ခသည်စခန်းကို ပိတ်သိမ်းဖို့ စစ်ကောင်စီ ဖိအားပေး
2023.03.13

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့က ကျောက်တစ်လုံး ရိုဟင်ဂျာဒုက္ခသည်စခန်းကို မတ်လ ၃၁ ရက် နောက်ဆုံးထားပြီး ပြောင်းရွှေ့ဖို့ စစ်ကောင်စီက ပြောဆိုထားပေမယ့် ဒုက္ခသည် တွေက မပြောင်းရွှေ့ချင်ဘူးလို့ RFA ကို ပြောပါတယ်။
စစ်ကောင်စီက ရိုဟင်ဂျာတွေအတွက် စီစဉ်ထားတဲ့ နေရာသစ်က မြို့နဲ့ သုံးမိုင်ကျော်အထိ ကွာဝေးတာကြောင့် အလုပ်အကိုင်အဆင်မပြေတဲ့အပြင် လယ်ကွင်းပြင်ဖြစ်တာကြောင့် မိုးရာသီမှာ အခက်အခဲ ရှိတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
စစ်ကောင်စီက ဖိအားပေးတဲ့အတွက် ပြောင်းရွှေ့ဖို့ စီစဉ်နေတယ်လို့ ရိုဟင်ဂျာတစ်ဦးက RFA ကို ပြောပါတယ်။
“ကျနော်တို့ ကတော့ မပြောင်းချင်ကြဘူး။ အဆောင်ကလည်း ခိုင်ခံ့မှုမရှိဘူး။ ပျက်စီး နေပြီ။ မိုးရာသီဆို ရေမြုပ်တယ်။ ရေလည်း မရသေးဘူး။ မီးလည်းမရသေးဘူး။ မီးရဖို့ မီတာဘောက်စ်တစ်လုံးကို သုံးသိန်းပေးရမယ်ပြောတယ်။ ကျနော်တို့မှာ ပိုက်ဆံမရှိဘူး။ အိမ်ထောင်စုသုံးရာကျော်မှာ အိမ်သာကလည်း အလုံးတစ်ရာပဲရှိတယ်။ နေရာသစ်ဟာ ကျနော်တို့အတွက် ဘယ်လိုမှ အဆင်မပြေနိုင်ဘူး”
စစ်ကောင်စီ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်တဲ့ နိုင်ငံခြားရေးသံတမန်အဖွဲ့ မတ်လ ၉ ရက်မှာ ဒုက္ခသည်စခန်းကိုရောက်လာပေမယ့် ဒုက္ခသည်တွေက အခက်အခဲ တွေကို တင်ပြခွင့်မရခဲ့ဘူးလို့ သူက ပြောပါတယ်။
ကျောက်တစ်လုံးဒုက္ခသည်စခန်းကို ပိတ်သိမ်းဖို့ စစ်ကောင်စီက စီစဉ်နေတာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေ မယ့် ဖုန်းလက်ခံဖြေကြား တာ မရှိပါဘူး။
အဲဒီ ကျောက်တစ်လုံး ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ အိမ်ထောင်စု သုံးရာကျော်၊ လူဦးရေ ၁၅၀၀ ကျော်ရှိပြီး ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကတည်းက ခိုလှုံနေတာပါ။