ရိုဟင်ဂျာတွေအတွက် ဒေါ်လာသုံးသန်းနီးပါး ဂျပန်ထောက်ပံ့
2024.02.26

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အမေရိကန်ဒေါ်လာ ၂.၇ သန်းထောက်ပံ့ပေးသွားမယ်လို့ ဂျပန်အစိုးရက ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ထုတ်ပြန်ပါတယ်။
ဒီငွေတွေကို ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) ကနေတစ်ဆင့် ပံ့ပိုးသွားမှာဖြစ်ပြီး ရိုဟင်ဂျာတွေတင်မက ရိုဟင်ဂျာတွေကိုလက်ခံထားတဲ့ ကော့ဘဇားက လူမှုအသိုင်းအဝိုင်းအတွက်လည်း ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် ဂျပန်သံရုံးက ထုတ်ပြန်ပါတယ်။
သောက်ရေသုံးရေ၊ အိမ်အမိုးအကာ၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးကြိုတင်စီမံချက်တွေမှာ ဒီငွေတွေ အဓိကထား သုံးသွားဖို့ ရှိပြီး၊ ရိုဟင်ဂျာဒုက္ခသည်တွေအပါအဝင် ဒေသခံလူပေါင်း ငါးသိန်းအတွက် အထောက်အပံ့ဖြစ်မယ်လို့ ဆိုပါတယ်။
၂ဝ၁၇ ခုနှစ်ကစလို့ ဒီနေ့အထိ ဂျပန်နိုင်ငံဟာ ရိုဟင်ဂျာအရေးအတွက် အထောက်အပံ့ငွေပေးလာတာ အမေရိကန်ဒေါ်လာသန်း ၂၂ဝ ရှိပြီလို့လည်း သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။