အင်ဒိုနီးရှားကမ်းခြေမှာ ရိုဟင်ဂျာအလောင်း ၁၁ လောင်းပြန်တွေ့
2024.03.25

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် အနောက်ဘက်ကမ်းခြေမှာ ရိုဟင်ဂျာလှေတစ်စင်း တိမ်းမှောက်ခဲ့ပြီးနောက် ပျောက်ဆုံးနေတဲ့သူတွေထဲက အလောင်း ၁၁ လောင်းကို ပြန်ရှာတွေ့ထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ရိုဟင်ဂျာဒုက္ခသည်အယောက် ၁၅ဝ ကျော်ပါလာတဲ့ သစ်သားစက်လှေတစ်စီး မတ်လ ၂ဝ ရက်နေ့က တိမ်းမှောက်ခဲ့တာပါ။
လှေပေါ်ပါလာတဲ့ အယောက် ၇ဝ လောက်ပဲ အသက်မသေဘဲ လွတ်မြောက်ခဲ့ပြီး ကျန်တဲ့ အယောက် ၇၆ ယောက်ကတော့ သေဆုံး ဒါမဟုတ်ရင် ပျောက်ဆုံးနေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးက ပြောထားပါတယ်။
ရေနစ်နေတဲ့ ရိုဟင်ဂျာအလောင်းတချို့ကို ဒေသခံငါးဖမ်းသမားတွေ တွေ့ရှိခဲ့ပြီးနောက် အင်ဒိုနီးရှားအာဏာပိုင်တွေက ဆက်ရှာနေတာပါ။
လတ်တလော ရှာတွေ့ထားတဲ့ ရိုဟင်ဂျာ အလောင်း ၁၁ လောင်းထဲမှာ အမျိုးသမီး ရုပ်အလောင်း ကိုးလောင်းနဲ့ အမျိုးသားနှစ်လောင်းပါပါတယ်။
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာတွေဟာ ရေကြောင်းခရီးကြမ်းကို ဖြတ်ပြီး တတိယနိုင်ငံတွေ အသက်စွန့် ထွက်ပြေးရင်း လမ်းမှာသေဆုံးရတာ မကြာခဏရှိပါတယ်။
ဒီတစ်ခေါက် စက်လှေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇား ရိုဟင်ဂျာဒုက္ခသည်စခန်းကနေ မလေးရှားကို ထွက်ပြေးလာတဲ့လှေဖြစ်တယ်လို့ အသက်မသေဘဲကျန်တဲ့ ဒုက္ခသည်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၂၃ ခုနှစ်တစ်နှစ်တည်းမှာတင် အင်ဒိုနီးရှားဘက်ကို ရောက်လာတဲ့ ရိုဟင်ဂျာ အယောက် ၂၃ဝဝ ကျော်ရှိပြီး၊ ရိုဟင်ဂျာအယောက် ၅၇ဝ နီးပါးကတော့ ပင်လယ်ပြင်မှာ သေဆုံးပျောက်ရှခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။