လူမျိုးတုံး သတ်ဖြတ်မှုအဖြစ် သတ်မှတ်ဖို့ ကန် အမတ်တွေ ပြောကြား
2018.09.26
မြန်မာ့တပ်မတော်က ရိုဟင်ဂျာမွတ်စလင်တွေကို ကျူးလွန်တဲ့လုပ်ရပ်ကို genocide လို့ခေါ်တဲ့ လူမျိုးတုံး သုတ်သင်ရှင်းလင်းမှုအဖြစ် သတ်မှတ်ဖို့ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီက အမေရိကန်အစိုးရကို မနေ့က တိုက်တွန်းလိုက်ပါတယ်။
ရိုဟင်ဂျာတွေနဲ့ပတ်သက်လို့ VOA သတင်းဌာနရဲ့ Plugged in With ဆိုတဲ့ အစီအစဉ်တင်ဆက်သူအမျိုးသမီး ဂရက်တာဗန် ဆပ်စတာရန် နဲ့ ICG နိုင်ငံတကာ အကြပ်အတည်းဖြေရှင်းရေးအဖွဲ့က မစ္စတာ စတီဖင်ပွန်ပါ တို့က အောက်လွှတ်တော် ရေဘင်အဆောက်အဦမှာပြုလုပ်တဲ့ ကြားနာပွဲမှာ အောက်လွှတ်တော် နိုင်ငံခြားရေးရာကော် မတီ ဥက္ကဋ္ဌ မစ္စတာ အက်ဒ်ရွိုက်စ်က ပြောလိုက်တာပါ။
အမေရိကန်အနေနဲ့ ဆက်လုပ်ရမယ့် နောက်ထပ်ခြေလှမ်းကတော့ အခုဖြစ်ရပ်တွေနဲ့ပတ်သက်လို့ လူမျိုးတုံး သုတ်သင်ရှင်းလင်းမှုမြောက်တယ်ဆိုတာ သတ်မှတ်ဖို့ပဲဖြစ်တယ်လို့ ပြောသွားတာပါ။
ဒါ့အပြင်သူက ဒီဖြစ်ရပ်ဆိုးတွေအတွက် တပ်မတော်နဲ့ လုံခြုံရေးခေါင်းဆောင်တွေမှာ တာဝန်ရှိပြီး၊ သူတို့ကို တရားစီရင်ရမယ်လို့ ပြောပါတယ်။
ကြားနာပွဲမှာ VOA သတင်းဌာနရဲ့ Plugged in With ဆိုတဲ့ အစီအစဉ်တင်ဆက်သူအမျိုးသမီး ဂရက်တာဗန် ဆပ်စတာရန် က- ကမ္ဘာမှာအင်အားကြီးတဲ့ အမေရိကန်အနေနဲ့ ရိုဟင်ဂျာအရေးမှာ ပစ်မှတ်ထားအရေးယူ ပိတ်ဆို့တဲ့လုပ်ရပ်အပါအဝင် တခြား လုပ်ပေးနိုင်သမျှဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်။
ICG နိုင်ငံတကာ အကြပ်အတည်းဖြေရှင်းရေးအဖွဲ့က မစ္စတာ စတီဖင်ပွန်ပါကလည်း အမေရိကန်အနေနဲ့ မြန်မာအရပ်သားအစိုးရနဲ့ဆက်ပြီး ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ဒီလိုလုပ်တာဟာ ရခိုင်ပြည်နယ်က ဖြစ်ရပ်ဆိုးတွေနဲ့ပတ်သက်လို့ ဆက်ပြီးတွန်းအားပေးနိုင်ဖို့ဖြစ်ပြီး၊ ထွက်ပြေးသွားသူတွေ ပြန်ခေါ်နိုင်ဖို့အတွက် လိုအပ်တဲ့ ဥပဒေတွေ၊ မူဝါဒတွေ၊ လုပ်ရပ်တွေပြင်ဖို့ နည်းလမ်းတွေလည်းရှာနိုင်မယ်လို့ တင်ပြပါတယ်။