ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု အဆုံးသတ်ဖို့ Fortify Rights တိုက်တွန်း

RFA Burmese
2023.08.24
ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု အဆုံးသတ်ဖို့ Fortify Rights တိုက်တွန်း ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားကို ၂၀၁၇ ခုနှစ်က ထွက်ပြေးသွားကြစဉ်။
Reuters

မြန်မာစစ်ကောင်စီအနေနဲ့ လက်ရှိဖြစ်ပွားနေတဲ့ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုကို အဆုံးသတ်သင့်ပြီး ဒီမိုကရေစီတော်လှန်ရေးဟာ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံသားအဖြစ် အပြည့်အဝ အသိအမှတ်ပြုရေး အားပေးကြိုဆိုသင့်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Fortify Rights က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။ 

သြဂုတ် ၂၄ ရက်နေ့ Fortify Rights အဖွဲ့က ထုတ်ပြန်တဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကို အဆုံးသတ်ပြီး ကမ္ဘာ့တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာပါဆိုတဲ့ ရုပ်ပြကာတွန်း ဗီဒီယိုသစ်မှာ ဖော်ပြခဲ့တာပါ။ ရိုဟင်ဂျာတွေ ပပျောက်ရေးအတွက် မြန်မာစစ်ကောင်စီရဲ့ ကြိုးပမ်းမှုတွေကို ဒီဗီဒီယိုက ထုတ်ဖော် ပြသလိုက်တာပါ။

ဂမ်ဘီယာနိုင်ငံက မြန်မာစစ်တပ်အပေါ် စွဲဆိုထားတဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ ပတ်သက်ပြီး သြဂုတ်လ ၂၅ ရက်မှာ မြန်မာစစ်ကောင်စီက သူတို့ရဲ့ ပြန်လှန်လျှောက်ထားချက်ကို The Hague မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ကို တင်သွင်းဖို့ သတ်မှတ်ထားပါတယ်။

သြဂုတ်လ ၂၅ ရက် နေ့ဟာ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာလူမျိုးတွေကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တာ ခြောက်နှစ်မြောက် အောက်မေ့ဖွယ်နေ့ ဖြစ်ပါတယ်။

အခုထုတ်ပြန်လိုက်တဲ့ ရုပ်ပြကာတွန်းဗီဒီယိုမှာ မြန်မာနိုင်ငံက ရိုဟင်ဂျာ ခြောက်ဦးက သူတို့ရဲ့ ဖြစ်တည်မှုကို ပယ်ဖျက်ပြီး နိုင်ငံခြားသားတွေအဖြစ် သတ်မှတ်ထားတဲ့ NVC လို့ခေါ်တဲ့ နိုင်ငံသားစိစစ်ရေး သက်သေခံကဒ်ပြားတွေကို လက်ခံဖို့ အဓမ္မ ဖိအားပေးခဲ့ပုံတွေကို ထွက်ဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။