ဧရာဝတီတိုင်းမှာဖမ်းမိတဲ့ ရိုဟင်ဂျာ ၉၃ ယောက်ကို ရုံးထုတ်

နေရိန်ကျော်
2019.12.20
pathein-rohingya-622.jpg ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ဖမ်းဆီးထားတဲ့ ရိုဟင်ဂျာမွတ်စလင် ၉၃ ယောက်ကို ၂၀၁၉ ဒီဇင်ဘာလ ၁၂ ရက်နေ့က ပုသိမ်တရားရုံးမှာ တတိယအကြိမ် ရုံးထုတ်ခဲ့စဥ်။
Photo: Reuters

ရခိုင်ပြည်နယ်ကနေ လူမှောင်ခိုတွေကတဆင့် လှေစီးထွက်ပြေးလာလို့ ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ဖမ်းထားတဲ့ ရိုဟင်ဂျာမွတ်စလင် ၉၃ ယောက်ကို ဒီနေ့ တတိယအကြိမ်အဖြစ် ပုသိမ်တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။

“လူကြီးအယောက် အယောက် ၇ဝ နဲ့ ကလေး ၂၃ ယောက်ပါတဲ့ အဲ့ဒီအဖွဲ့ကို ၁၉၄၉ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံသားများမှတ်ပုံတင်ဥပဒေပုဒ်မ - ၆ အပိုဒ်ခွဲ ၁-၂-၃ နဲ့ လူဝင်မှုကြီးကြပ်ရေးဌာနက တရားစွဲထားတာ။ ဒီနေ့မှာတော့ တရားလိုဖြစ်တဲ့ လဝကဒုဦးစီးမှူး ဦးစိန်ဝင်းကို တရားရုံးမှာစစ်တယ်” လို့ ဒုက္ခသည်တွေရဲ့ရှေ့နေ ဒေါ်သဇင်မြင့်မြတ်ဝင်းက RFA ကိုပြောပါတယ်။

နောက်တကြိမ်ရုံးချိန်းကို ဇန်နဝါရီလ ၃ ရက်နေ့ ပေးလိုက်တယ်လို့ ဆိုပါတယ်။

ဖမ်းထားတဲ့သူတွေထဲမှာ လူကြီးတွေကို ပုသိမ်ထောင်မှာချုပ်ထားပြီး ကလေးတွေကိုတော့ ရဲစခန်းမှာ ချုပ်ထားပါတယ်။ အဲဒီထဲက အသက် ၃ နှစ်နဲ့ ၄ နှစ်အရွယ် ကလေးနှစ်ယောက်ကိုတော့ သူတို့ရဲ့ အမေတွေနဲ့ ခွဲထားလို့မရတဲ့အတွက် ထောင်ထဲမှာပဲထားတယ်လို့ ဆိုပါတယ်။ ရဲစခန်းအချုပ်ထဲမှာထားတဲ့ ကလေးတွေထဲမှာ အသက်အငယ်ဆုံးက ၁၃ နှစ်အရွယ်လို့လဲ သိရပါတယ်။

သူတို့စားသောက်ရေးနဲ့ ဥပဒေအရရင်ဆိုင်ဖို့ ကိစ္စတွေအတွက် ဒေသခံမွတ်စလင်ဘာသာရေးအဖွဲ့တွေနဲ့ ILF – international Legal Foundation ဆိုတဲ့ အဖွဲ့က ကူညီနေတယ်လို့ သိရပါတယ်။

အဲဒီလူတွေဟာ ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ ဆက်နေရင် ဘဝရှေ့ရေးပျောက်နေတဲ့အတွက် အဲဒီကနေ တခြားဘယ်နေရာရောက်ရောက်ဆိုပြီး လူမှောင်ခိုတွေကနေတဆင့် ထွက်လာတာလို့ သိရတဲ့အကြောင်းရှေ့နေက ပြောပါတယ်။

“သူတို့ ရန်ကုန်ကို လာဖို့အတွက် လူတယောက်ကို မြန်မာငွေ ၅ သိန်းကနေ ၇ သိန်းလောက်ထိ ပေးခဲ့ရတဲ့သူတွေရှိသလို တချို့က ငွေမပေးနိုင်ဘဲ ရောင်းစားခံမယ်လို့ ဆုံးဖြတ်ခဲ့ကြတာ” လို့ ရှေ့နေ ဒေါ်သဇင်မြင့်မြတ်ဝင်းက RFA ကိုပြောပါတယ်။

အဲဒီလို ငွေ ဒါမှမဟုတ် ခန္ဓာကိုယ်ရင်းပြီး လာခဲ့ရာကနေ နိုဝင်ဘာလ ၂၈ ရက်နေ့က မြန်မာ့ကမ်းလွန်ပင်လယ်ပြင်မှာ အဖမ်းခံလိုက်ရပေမယ့် လူမှောင်ခိုတွေကိုတော့ ဖမ်းမမိဘူးလို့ ဒေါ်သဇင်မြင့်မြတ်ဝင်းက ပြောပါတယ်။

“အခုဖြစ်ရပ်မှာ လူမှောင်ခိုသမားတွေကို အရေးမယူနိုင်ဘဲ ဒုက္ခသည်တွေကိုပဲ အရေးယူတာက လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်သလို ပြဿနာရဲ့အဖြေမဟုတ်ဘူး”
လို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့က ကိုနစ်ကီဒိုင်းမွန်းက ထောက်ပြပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးက တရားလိုကို RFA က ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။ ဒေသခံ တိုင်းလွှတ်တော်ကိုယ်စားလှယ်နှစ်ဦးကိုလဲ တယ်လီဖုန်း ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

အခုဆိုရင် သူတို့ကို ငွေကြေးယူပြီး စက်လှေနဲ့ပို့မယ့်သူတွေကို ဖမ်းမမိပေမယ့် မော်တော်ကားနဲ့ ထပ်ပြီးသယ်မယ့် ယာဉ်မောင်းကို ဖမ်းမိထားတယ်လို့ သိရပေမယ့် ဘယ်သူဘယ်ဝါဖြစ်တယ်၊ ဘယ်မှာ ဖမ်းထားတယ်ဆိုတာ ဆက်လက်စုံစမ်းနေတုန်းဖြစ်ပါတယ်။

အဲဒီပုသိမ်မြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလကလည်း မွတ်စလင် ၁၄ ယောက်ကိုခွင့်ပြုချက်မပါပဲခရီးသွားမှုနဲ့ ထောင် ၂ နှစ်စီချမှတ်ထားပါတယ်။ ဒီ ၉၃ ယောက်အမှုမှာလဲ သူတို့ကိုစွဲထားတာပုဒ်မအရ အနည်းဆုံး ထောင်ဒဏ် ၆ လကနေ အများဆုံးထောင်ဒဏ် ၂ နှစ်ချမှတ်နိုင်သလို ငွေဒဏ်အဖြစ် ကျပ်ငွေ ၅ဝဝ ချမှတ်နိုင်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။