လှည်းကူးမြို့နယ်မှာ ရိုဟင်ဂျာ ၁၃ ဦး ရုပ်အလောင်းတွေ့
2022.12.05

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဘားလားအုပ်စု ငွေနံ့သာကျေးရွာ အမှတ် ၇ ကားလမ်းမဘေး အမှိုက်ပုံမှာ ရိုဟင်ဂျာ ၁၃ ဦးရဲ့ ရုပ်အလောင်းတွေကို ဒီဇင်ဘာလ ၅ ရက် ဒီမနက် ၃ နာရီ ဝန်းကျင်မှာ တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူတွေဟာ အသက် ၁၇ နှစ်ကနေ ၃၀ ဝန်းကျင်အရွယ်တွေ ဖြစ်တယ်လို့ မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ပြောပါတယ်။
“ဒီရွာကတော့မဟုတ်ဘူး။ လူတွေကတော့ ရိုဟင်ဂျာတွေလို့ ထင်တာပဲ။ မနေ့ကလည်း လှည်းကူးမှာ အယောက် ၇၀ ကျော် မိတယ်ကြားတော့လေ”
မနက်အစော ဈေးရောင်းထွက်ရင်း ရိုဟင်ဂျာရုပ်အလောင်းတွေကို တွေ့ရှိခဲ့တဲ့ အမျိုးသမီး တချို့ကိုလည်း စစ်ကောင်စီတပ်သားတွေက ခေါ်ယူစစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဖမ်းဆီးခံရိုဟင်ဂျာတွေအရေး ကူညီပေးနေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက ...
"သေမှုသေခင်းဖွင့်ဖို့ ပရဟိတအဖွဲ့တွေက ခေါ်လို့ ရန်ကုန်ဆေးရုံကြီးကို နေ့လယ် ၁၁ နာရီလောက်မှာ လိုက်သွားတယ်။ ကြည့်ခွင့်တော့မရခဲ့ဘူး။ ပရဟိတအဖွဲ့တွေရဲ့ ပြောကြားချက်အရတော့ ဒဏ်ရာတွေ ရှိနေတယ်။ တစ်ယောက်က နဖူးမှာ ချုပ်ရိုးနဲ့ ချုပ်ထားတဲ့ ဒဏ်ရာရှိတယ်။ တစ်ယောက်က ခြေထောက်မှာ ချုပ်ထားတဲ့ ချုပ်ရိုးဒဏ်ရာရှိနေတယ်။ ကျန်တဲ့သူတွေကတော့ ခြေထောက်တွေ လက်တွေက ရေနူးနေတယ်။ ကျောကုန်းတွေမှာ ဘုလုံးတွေ ထနေတယ်။ အရေခွံတွေ လန်နေတယ်။ ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေ တွေ့တယ်။ အဲဒီလို ပြောတယ်။ ဆေးရုံရဲ့ပြောကြားချက်အရ သေထားတာ ၄၈ နာရီ ကျော်နေပြီပေါ့နော်။ မတွေ့ခင်တစ်ရက်အလိုကတည်းက သေထားတယ်ဆိုပြီး ဆေးရုံကြီးက မှတ်ချက်ပေးထားတယ်"
စစ်ကောင်စီကလည်း ရုပ်အလောင်း ၁၃ လောင်းတွေ့ရှိမှုကို အတည်ပြုထားပါတယ်။ ရေစိုပြီးလက်ဖျားတွေနူးပွနေတဲ့ အမျိုးသား ၁၃ ဦးရဲ့ ရုပ်အလောင်းတွေကို ရန်ကုန်ပြည်သူ့ ဆေးရုံကြီးကို ပို့ဆောင်စစ်ဆေးနေတယ်လို့ စစ်ကောင်စီက ဒီဇင်ဘာလ ၅ ရက် ဒီနေ့ထုတ်ပြန်ထားပါတယ်။
သေဆုံးသူတွေရဲ့ အသေးစိတ် အချက်အလက်တွေနဲ့ ဘာကြောင့်သေဆုံးရတယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ရိုဟင်ဂျာအရေး အကြံပေး ဦးအောင်ကျော်မိုးကတော့ ...
‘အသက်ကို ဒီလိုလောင်းကြေးရိုက်ပြီး သွားနေတာက ရခိုင်ပြည်နယ်နဲ့ ဒုက္ခသည်စခန်းရဲ့ မြေပြင်အခြေအနေက အရမ်းကို ဆိုးရွားနေလို့ဖြစ်ပါတယ်။ နောက်ပြီး ဒီလောက်များပြားတဲ့ လူဦးရေကို သတ်ဖို့ ဆိုတာ သာမန်အရပ်သားတွေ လူကုန်ကူးသူတွေ ခက်လိမ့်မယ်။ ရိုဟင်ဂျာဖမ်းဆီးထောင်ချတာနဲ့ ပတ်သက်ပြီး ဒီနေ့အထိ စကစ သတင်းထုတ်ပြန်တာမရှိဘူး။ စစ်တပ်ဖိနပ်ရာတွေလည်းတွေ့တယ်ဆိုတော့ စစ်တပ်မသတ်ဘူးလို့ပြောလို့မရဘူး။ NUG လူ့အခွင့်အရေးဝန်ကြီးဌာနကို စုံစမ်းမှုတွေစလုပ်ဖို့ အကြံပြုထားတယ်" လို့ ပြောပါတယ်။
နိုဝင်ဘာလ ၂၇ ရက်မှာလည်း ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် ညောင်နှစ်ပင် စက်မှုဇုန် (၁) အနီးမှာ ရိုဟင်ဂျာ ၆၈ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ ဒီအပြင် နိုဝင်ဘာလ ၂၈ ရက်နဲ့ ၂၉ ရက်တွေမှာ ရိုဟင်ဂျာ သုံးဦး ထပ်မံဖမ်းဆီးခံရတာကြောင့် လှည်းကူးမြို့နယ်မှာ သုံးရက်အတွင်း စုစုပေါင်း ရိုဟင်ဂျာ ၇၁ ဦးဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီက ဒီဇင်ဘာလ ၄ ရက်မနေ့က ထုတ်ပြန်ခဲ့ပါတယ်