ရိုဟင်ဂျာအရေး ဘရပ်ဆဲလ်မှာ ဆွေးနွေး
2018.03.02
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေကနေ ရိုဟင်ဂျာ မွတ်စလင်တွေ ဘေးကင်းကင်းနဲ့ မိမိသဘောဆန္ဒ အလျှောက် မြန်မာနိုင်ငံ ပြန်နိုင်ဖို့ အီးယူ-ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာနဲ့ လုံခြုံရေးရာ မူဝါဒ အကြီးအကဲလည်းဖြစ် ဥရောပကော်မရှင် ဒုတိယဥက္ကဌလည်းဖြစ်တဲ့ Federica Mogherini က အလေးအနက်ထား ထပ်မံပြောကြား လိုက်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာချက်မှာ ဖော်ပြပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မာမွတ်အလီနဲ့ ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မှာ မနေ့က တွေ့ဆုံချိန်မှာ အဲဒီ အမှာစကား ပါးတာပါ။
မကြာခင်လတွေက ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားသူ ၆ သိန်း ၇ သောင်းကျော် အခြေအနေကို ဖြေရှင်းဖို့ ကြိုးပမ်းနေတာတွေကို ဆွေးနွေးဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးနဲ့ တွေ့ဆုံတာလည်းဖြစ်ပါတယ်။
အပြုသဘောဆောင်တဲ့ ရလဒ်တွေပေါ်ထွက်ဖို့ အီးယူက နိုင်ငံရေးအရရော လူသားချင်း စာနာမှုအရပါ ကူညီပြီး ဘင်္ဂလားဒေ့ရှ်ရဲ့ ဖော်ရွေရက်ရောတဲ့ အခန်းကဏ္ဍနဲ့ လုပ်ရပ်ကို အသိအမှတ်ပြုတဲ့အကြောင်း အီးယူ အကြီးအကဲက ပြောပါတယ်။
ဆန္ဒအလျှောက် ဘေးကင်းလုံခြုံစွာ ပြန်ပို့ရေးလုပ်ငန်းစဉ်မှာ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက အပြည့်အ၀ ပါဝင်ဆောင်ရွက်သင့်တယ်လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။