ရိုဟင်ဂျာလှေတစ်စင်းကို အင်ဒိုနီးရှားရေပိုင်နက်ပြင်ပကို ပြန်ပို့
2023.12.28

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် ကမ်းရိုးတန်းကို ဦးတည်လာနေတဲ့ ဒုက္ခသည်လှေတစ်စင်းကို အင်ဒိုနီးရှားရေပိုင်နက်ပြင်ပ ပင်လယ်ထဲကို အင်ဒိုနီးရှားရေတပ်က ပြန်ပို့လိုက်ပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေ တင်လာတာလို့ ယူဆရတဲ့ လှေတစ်စင်းကို အင်ဒိုနီးရှား ကမ်းခြေစောင့်သင်္ဘောရဲ့ ရဟတ်ယာဉ်ကနေ ဒီဇင်ဘာ ၂၇ ရက်နေ့ကတွေ့ရှိခဲ့တယ်လို့ AP သတင်းဌာနက ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ဖော်ပြပါတယ်။
ဒါကြောင့် အဲဒီလှေ အင်ဒိုနီးရှား ရေပိုင်နက်ထဲကို ပြန်မလာနိုင်အောင် အင်ဒိုနီးရှားကမ်းရိုးတန်းနဲ့ ရေမိုင် ၆၃ မိုင်အကွာကို ရေတပ်သင်္ဘော KRI Botang-907 က မောင်းထုတ်ခဲ့ကြောင်း ရေတပ်ဝက်ဘ်ဆိုက်မှာ ကြေညာချက် ထုတ်ထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးကတော့ ရိုဟင်ဂျာဒုက္ခသည်တွေကို ကူညီကယ်ဆယ်ဖို့နဲ့ ပင်လယ်ထဲပြန်တွန်းပို့တာတွေ မလုပ်ဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်တိုက်တွန်းထားပါတယ်။
အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို ကလည်း အင်ဒိုနီးရှားနိုင်ငံကို ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ယာယီထောက်ပံ့ကူညီသွားမယ်လို့ ပြောကြောင်း AP သတင်းမှာ မနေ့က ဖော်ပြပါတယ်။
ဒါပေမဲ့ ဒေသခံတွေက ရိုဟင်ဂျာဒုက္ခသည်တွေကို လက်မခံတာကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နဲ့ ကူညီပေးရေးကိစ္စတွေကို ပြောဆိုနေကြောင်း သမ္မတ ဂျိုကိုဝီဒိုဒိုက ပြောထားပါတယ်။
ဘင်္ဂလားဒေ့ရှ့်နိုင်ငံမှာခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၅၀၀ ခန့်ဟာ လှေတွေနဲ့ ပင်လယ်ကို အသက်စွန့်ဖြတ်ပြီး အင်ဒိုနီးရှားနိုင်ငံကို နိုဝင်ဘာလနဲ့ ဒီဇင်ဘာလထဲမှာ ရောက်ရှိခဲ့ကြပါတယ်။
အဲဒီထဲက ရိုဟင်ဂျာဒုက္ခသည် ၁၃၇ ဦး ယာယီခိုလှုံနေတဲ့ အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ် မြို့တော် Banda Aceh အစိုးရခန်းမဆောင်ထဲကို အင်ဒိုနီးရှားကျောင်းသားတွေ ဒီဇင်ဘာ ၂၇ ရက်နေ့က ဝင်ရောက်ပြီး ရိုဟင်ဂျာတွေကို ပြည်နှင်ဒဏ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
အဲဒီလိုတောင်းဆိုချိန်အတွင်း လုံခြုံရေးတာဝန်ယူထားတဲ့ ရဲတပ်ဖွဲ့နဲ့လည်း ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။