လှည်းကူးမြို့နယ်မှာ ရိုဟင်ဂျာ ၆၈ ဦး ဖမ်းဆီးခံရ
2022.11.29

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် ညောင်နှစ်ပင် စက်မှုဇုန် (၁) အနီးမှာ နိုဝင်ဘာလ ၂၈ ရက် မနေ့မနက်ပိုင်းက ရိုဟင်ဂျာ ၆၈ ဦး ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ညောင်နှစ်ပင် ဇုန် (၁) နားမှာ မနေ့မနက်ပိုင်းက ကုန်ကားတစ်စီးကို စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ စစ်ဆေးချိန် ရိုဟင်ဂျာအမျိုးသား ၅၄ ဦးနဲ့ အမျိုးသမီး ၁၄ ဦးကိုတွေ့ပြီး ဖမ်းဆီးခဲ့တာလို့ လှည်းကူးမြို့မရဲစခန်းနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက RFA ကို ပြောပါတယ်။
“ဟုတ်တယ်၊ ဟုတ်တယ် အတည်ဖြစ်တယ်။ ဖြစ်စဉ် မှန်တယ်။ ဖြေပေးလို့တော့ ရမှာမဟုတ်ဘူးလေ”
ဖမ်းဆီးခံရသူတွေဟာ ရခိုင်ပြည်နယ်ကနေ ထွက်ခွာလာသူတွေဖြစ်ပြီး ပြည်ပနိုင်ငံတစ်ခုကို ထွက်ခွာဖို့ ကြိုးစားနေသူတွေလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း လှည်းကူးမြို့နယ်၊ အမြန်လမ်း ဇီးရိုး (0) မိုင်စစ်ဆေးရေးဂိတ်မှာ နိုင်ငံသား အထောက်အထားမဲ့ ရိုဟင်ဂျာအမျိုးသား ၁၀ ဦး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် အမှတ် (၃) လမ်းမမှာ ရိုဟင်ဂျာ အမျိုးသားငါးဦးနဲ့ အမျိုးသမီးလေးဦးတို့ ဖမ်းဆီးခံခဲ့ရပါတယ်။
စစ်ကောင်စီဘက်ကတော့ နေရပ်စွန့်ခွာပြီး ပြည်ပနိုင်ငံတွေကို ရွှေ့ပြောင်းနေထိုင်ဖို့ ကြိုးစားကြတဲ့ ရိုဟင်ဂျာတွေကို အခုလိုပဲဖမ်းမိခဲ့ရင် ၁၉၄၉ ခုနှစ် မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ ၆(၂)/ ၆(၃) တို့အရ ထောင်ဒဏ်နှစ်နှစ်နဲ့အထက် ချမှတ်လေ့ရှိပါတယ်။
RFA က လက်လှမ်းမီသလောက် ပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်ကအာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာကနေ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့အထိ နေရပ်စွန့်ခွာ ထွက်ပြေးဖို့ကြိုစားတဲ့ ရိုဟင်ဂျာ ၁,၃၈၀ ဦး ဖမ်းဆီးခံထားရပြီး အဲဒီအထဲက ၂၂၃ ဦးကတော့ လဝကဥပဒေတွေနဲ့ ထောင်ဒဏ် နှစ်နှစ်ကနေ ငါးနှစ်အထိ ကျခံနေရပါတယ်။