သံဖြူဇရပ်မှာ ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာ ၁၄၀ ကို လူဝင်မှု ဥပဒေနဲ့ တရားစွဲဆို
2023.08.16

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်မှာ ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက ၁၄၀ ဦးကို လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ တရားစွဲဆိုပြီး ကျိုက်မရောအကျဉ်းထောင်ကို ပို့လိုက်တယ်လို့ မိသားစုဝင်တွေကပြောပါတယ်။
ဖမ်းခံထားရတဲ့ ရိုဟင်ဂျာ ၁၄၅ ယောက်ထဲက ၁၄၀ ကို လဝကဥပဒေနဲ့ တရားစွဲဆိုကာ ကျိုက်မရောထောင်ပို့လိုက်ပြီး အသက်မပြည့်သေးတဲ့ ကလေးတွေကတော့ အချုပ်ထဲမှာပဲ ရှိသေးတယ်လို့ ဩဂုတ်လ ၁၆ ရက် နေ့မှာ ရဲစခန်းက အကြောင်းကြားလာတဲ့အကြောင်း ဖမ်းဆီးခံရတဲ့ထဲမှာ မိသားစုဝင် သုံးဦးပါသွားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒုက္ခသည်စခန်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
သူ့သားသမီးတွေဟာ ဒုက္ခသည်စခန်းမှာ စားသောက်ဖို့ မပြေလည်တာကြောင့် မလေးရှားနိုင်ငံကို သွားဖို့ ထွက်သွားကြတာလို့လည်း သူက ပြောပါတယ်။
မလေးရှားနိုင်ငံကို ထွက်ခွာဖို့ကြိုးစားတဲ့ ရိုဟင်ဂျာ ၁၄၅ ဦးကို ဩဂုတ်လ ၁၁ ရက်နေ့က မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲခမီကျေးရွာအနီးမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။
ဖမ်းဆီးခံ ရိုဟင်ဂျာတွေရဲ့ နောက်ဆက်တွဲအခြေအနေတွေကို မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ် ပြောခွင့်ရသူ ဦးတိုးဝင်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံမဖြေပါဘူး။
ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ နေထိုင်ရတဲ့ ရိုဟင်ဂျာတွေဟာ စားဝတ်နေရေးအဆင်မပြေတာ၊ အလုပ်အကိုင် ရှားပါးတာတွေကြောင့် မလေးရှားနိုင်ငံကို သွားဖို့ စွန့်စား ထွက်ခွာနေကြတာပါ။