နိုင်ငံတစ်ဝန်း ရိုဟင်ဂျာ နှစ်ထောင်ခန့် အကျဉ်းချခံထားရကြောင်း PPNM ပြော
2025.01.01

နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေမှာ အကျဉ်းကျခံနေရတဲ့ ရိုဟင်ဂျာ နှစ်ထောင်ခန့် (၁၉၅၀ ဦး) ရှိပြီး လွတ်ရက်စေ့ပေမဲ့ ဆက်လက် ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ရိုဟင်ဂျာ ရာနဲ့ချီရှိနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ပုသိမ်ထောင်မှာ ရိုဟင်ဂျာ တစ်ထောင်ကျော်၊ အင်းစိန်ထောင်မှာ ရိုဟင်ဂျာ ငါးရာကျော် အကျဉ်းကျခံနေရပြီး ကျန်တဲ့သူတွေကတော့ မြောင်းမြ၊ မအူပင်နဲ့ ပြည်အကျဉ်းထောင်တို့မှာ ဖမ်းဆီးအကျဉ်းချခံထားရတာလို့ ဆိုပါတယ်။
အကျဉ်းချခံနေရသူတွေထဲ မြောင်းမြထောင်မှာ လွတ်ရက်စေ့ပေမဲ့ နေရပ်ပြန်ခွင့်မရသေးတဲ့ ရိုဟင်ဂျာ ၁၅၀ ခန့်ရှိပြီး မအူပင်ထောင်မှာလည်း ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က လွတ်မြောက်လာတဲ့ ရိုဟင်ဂျာတချို့ကို အချုပ်သားအနေနဲ့ ဆက်လက်ထားရှိတယ်လို့ ဖော်ပြပါတယ်။
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် စစ်ကောင်စီရဲ့ လ.၀.က တာဝန်ရှိသူတွေက အကျဉ်းထောင်က လွတ်မြောက်လာတဲ့ ရိုဟင်ဂျာတွေကို နေရပ်ပြန်မပို့နိုင်ဘဲ အကျဉ်းထောင်ထဲမှာ ဆက်လက်ဖမ်းဆီးထားတာလို့ PPNM က ပြောပါတယ်။
နေရပ်စွန့်ခွာလာတဲ့ ရိုဟင်ဂျာတွေ ဖမ်းဆီးခံရရင် စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက လတ်တလော ပြဋ္ဌာန်းချက် အက်ဥပဒေ ပုဒ်မ - ၆(၂)၊ ၆(၃) နဲ့ တရားစွဲပြီး ထောင်နှစ်နှစ်ကနေ ငါးနှစ်အထိချလေ့ရှိတယ်လို့ ရိုဟင်ဂျာ အရေးအကူအညီပေးနေသူ ရှေ့နေတွေက ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖမ်းဆီးခံရိုဟင်ဂျာတွေကို အကူအညီပေးနေသူ တစ်ဦးကတော့ လွတ်ရက်စေ့ ရိုဟင်ဂျာတွေကို အချုပ်စခန်းတွေမှာ ဆက်လက်ဖမ်းဆီးထားတာ မဖြစ်သင့်ဘူးလို့ RFA ကို ပြောပါတယ်။
“အချုပ်ခန်းတွေမှာ ထားပါတယ်။ လွတ်ရက်စေ့ ရိုဟင်ဂျာတွေကို ထိန်းသိမ်းဖို့အတွက် ကျွန်တော်တို့ကို ပြောလာတာရှိတယ်။ အဲဒီမှာက သူတို့ကို ထိန်းသိမ်းတဲ့နေရာကလွဲပြီး ဘယ်မှမသွားရဘူးဆိုတဲ့ ခံဝန်ချက်လုပ်ရတယ်။ အဲဒီလိုကျတော့ အဆင်မပြေဘူးလေ။ အာဏာပိုင်တွေဘက်ကတော့ လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ မူလနေရာပဲပြန်ပို့ရမဲ့ ပြဋ္ဌာန်းချက်ရှိတယ်လို့ ပြောတယ်”
စစ်တပ်အာဏာ မသိမ်းခင်ကတော့ ဖမ်းဆီးခံရိုဟင်ဂျာတွေ ပြစ်ဒဏ်လွတ်ရက်စေ့ရင် မူလနေထိုင်ရာ နေရာကိုပြန်ပို့ပေမဲ့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် စစ်ကောင်စီဘက်က ပြန်မပို့ဘဲ ထားတာလို့လည်း သူက ပြောပါတယ်။
ဖမ်ဆီးခံထားရတဲ့ ရိုဟင်ဂျာတွေနဲ့ လွတ်ရက်စေ့တဲ့ ရိုဟင်ဂျာတွေဟာ ဒေသရိုဟင်ဂျာ လူမှုအဖွဲ့အစည်းတွေက စားသောက်ရေး အကူအညီပေးထားတယ်လို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ် တစ်နှစ်အတွင်းမှာ အကျဉ်းထောင်တွင်း လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရတာနဲ့ အချိန်မှီဆေးကုသခွင့် မရတာတွေကြောင့် အကျဉ်းကျ ရိုဟင်ဂျာ အမျိုးသား လေးဦး သေဆုံးခဲ့တယ်လို့ PPNM က ဖော်ပြပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဒုတိယညွန်ကြားရေးမှူးချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
PPNM ရဲ့ စာရင်းတွေအရ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း နိုင်ငံရေးအကျဉ်းသား ၁၈၀၀ နီးပါး မိသားစုနဲ့ ဝေးလံတဲ့ထောင်တွေကို ပြောင်းရွှေ့ခံရပြီး ဆေးကုသခွင့် အပြည့်အ၀မရလို့ သေဆုံးသူ ၂၂ ဦး၊ အကျဉ်းထောင်တွင်းနဲ့ ထောင်ပြင်ထုတ် သတ်ဖြတ်ခံရသူ ကိုးဦး ရှိခဲ့ပါတယ်။