သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာအမည် ဖြည့်သွင်းတာ လက်မခံဖို့ RNDP တိုက်တွန်း
2014.03.05

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာမှာ ရခိုင်ပြည်နယ်က မွတ်စလင်တွေနဲ့ ပတ်သက်ပြီး လူမျိုးအမည်ရေးသွင်းရာမှာ ဘင်္ဂါလီလူမျိုးလို့ ထည့်သွင်းစေချင်ကြောင်း၊ သို့မဟုတ် ကုဒ်နံပါတ်တစ်ခုခု တိတိကျကျသတ်မှတ်ပေးဖို့နဲ့ ရိုဟင်ဂျာလို့ ဖြည့်သွင်းတာကို လုံးဝ လက်ခံခြင်းမပြုဖို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က မနေ့ကရက်စွဲနဲ့ သဘောထားကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
အဲ့ဒီ သဘောထားကြေငြာချက်နဲ့ ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးကျော်ဇောဦးက အခုလိုပြောပါတယ်။
"အစိုးရက လူဦးရေသက်သက်ကို သိချင်တာဖြစ်တယ်၊ တခြားနိုင်ငံသားဖြစ်မှု၊ မဖြစ်မှုနဲ့ မဆိုင်ဘူးလို့ မည်သို့ပင်ဆိုစေကာမူ နောင်မှာရှုပ်ထွေးမှုတွေ ဖြစ်လာမယ့်အကြောင်းတွေရှိပါတယ်၊ သန်းခေါင်စာရင်းမှာ အဲဒီအခြားဆိုတဲ့ဥစ္စာမှာ ရိုဟင်ဂျာတို့လို နာမည်လိမ်တယ်၊ အဲလိုမျိုးလူတွေထည့်ပြီးတော့ ရိုဟင်ဂျာနာမည်ခံလူ ဘယ်လောက်ရှိပါတယ်၊ ဘယ်နှစ်သိန်းရှိပါတယ်၊ ဘယ်နှစ်သန်းရှိပါတယ်၊ အဲလိုမျိုးတချိန်ချိန်မှာ ပြောပြီးတော့ တိုင်းရင်းသားလူမျိုး အခွင့်အရေးတောင်းတယ်ဆိုတာက မဖြစ်လာရအောင် အခုကတည်းက ကြိုရှင်းထားတဲ့သဘောပါ"
ဒါ့အပြင် ကြေငြာချက်ထဲမှာ ရခိုင်ပြည်နယ်က မြို့နယ် ၁၀ ခုလောက်မှာ ဘင်္ဂါလီလူမျိုးတစ်ထောင်ကျော်ကို စာရင်းကောက်၊ စာရင်းစစ်သူတွေအဖြစ် တာဝန်ပေးထားတဲ့ကိစ္စဟာ နိုင်ငံသားဖြစ်မှု၊ မဖြစ်မှု သေချာမသိသူတွေက ကောက်ယူပြုစုပေးတဲ့ ဘင်္ဂါလီလူဦးရေစာရင်းသာ ဖြစ်တဲ့အတွက် အဲဒီစာရင်းကို RNDP ပါတီအနေနဲ့ လုံးဝအသိအမှတ်ပြုမှာ မဟုတ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်းက မွတ်စလင်တွေနဲ့ ပတ်သက်ပြီး အများကတောင်းဆိုနေကြသလို နိုင်ငံတော်အစိုးရအနေနဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအတိုင်း စိစစ်ဆောင်ရွက်ဖို့ လိုအပ်ကြောင်းစတဲ့ အချက်တွေပါဝင်ပါတယ်။ ရခိုင်ပြည်နယ်မှာ နောက်နောင် ပဋိပက္ခတွေ ထပ်မံဖြစ်ပွားမှုမရှိရအောင် ကြေညာချက်ထုတ်ပြန်ပြီး အခုလိုတိုက်တွန်းရတာလို့လည်း RNDP ပါတီက ပြောပါတယ်။
ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို လာမယ့် မတ်လ ၃၀ ရက်နေ့ကနေ ဧပြီလ ၁၀ ရက်နေ့အထိ ကောက်ယူမှာဖြစ်ပါတယ်။
ဒီအတောအတွင်း ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ လာမယ့် ဧပြီလ ၂၇ ရက်နေ့မှာ စတင်ကျင်းပမယ့် ရခိုင်အမျိုးသားညီလာခံနဲ့ ပတ်သက်ပြီး ဒေသခံတွေသိရှိနိုင်ဖို့ ညီလာခံဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင်တွေဟာ မြောက်ဦးမြို့က အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ ဘာသာရေး ခေါင်းဆောင်တွေ၊ ဒေသခံတွေနဲ့ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ရန်ကုန်မြို့အပါအဝင် ကျောက်ဖြူ၊ မအီ၊ မင်းပြား စတဲ့မြို့တွေမှာ မကြာခင်ရက်ပိုင်းတွေကလည်း ညီလာခံအကြောင်း လိုက်လံရှင်းပြခဲ့သလို ရခိုင်ပြည်နယ်အတွင်း ကျန်ရှိနေသေးတဲ့ မြို့နယ်အနှံ့မှာလည်း ရှင်းလင်းပွဲတွေ ဆက်တိုက်ကျင်းပသွားမယ်လို့ သိရပါတယ်။
ရခိုင်အမျိုးသားညီလာခံကို လာမယ့် ဧပြီလ ၂၇ ရက်နေ့ကနေ မတ်လ ၁ ရက်နေ့အထိ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ၅ ရက်တာ ကျင်းပပြုလုပ်မှာဖြစ်ပြီး ရခိုင်တစ်မျိုးသားလုံး သွေးစည်းညီညွတ်ရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ရခိုင့်လူ့ဘောင်သစ်တစ်ရပ် တည်ဆောက်ရေး စတဲ့ရည်ရွယ်ချက်တွေနဲ့ ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
အဲဒီညီလာခံမှာ လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေး အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ၊ ပြည်ပရောက် ရခိုင်ကိုယ်စားလှယ်တွေနဲ့ ရခိုင်ပြည်နယ် မြို့နယ်အသီးသီးက ကိုယ်စားလှယ် အနည်းဆုံး ၅၀၀ လောက် တက်ရောက်ဆွေးနွေးကြမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။