တရုတ်ဓါတ်ငွေ့ပိုက်လိုင်းကြောင့် လူမှုဘဝထိခိုက်မှုတွေ လေ့လာ တင်ပြမည်


2013.09.24

ရခိုင်ပြည်နယ် ကျောက်ဖြူကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ သွယ်တန်းထားတဲ့ ရွှေသဘာ ဓါတ်ငွေ့စီမံကိန်းနဲ့ ပတ်သက်ပြီး လူနေမှုဘ အကျိုးသက်ရောက်မှု စာတမ်းတစ်စောင်ထုတ်ပြန်ပြီး အစိုးရထံတင်ပြသွားမယ်လို့ မြန်မာ-တရုတ် သဘာဓါတ်ငွေ့ပိုက်လိုင်း စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

မြန်မာ- တရုတ် သဘာဓါတ်ငွေ့ပိုက်လိုင်း စောင့်ကြည့်ရေးအဖွဲ့ဟာ ဒီနေ့ကနေ လာမယ့် စက်တင်ဘာလ ၂၈ ရက်နေ့အထိ ကျောက်ဖြူ၊ အမ်းနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေက ဒေသခံတွေနဲ့ စစ်တွေမြို့ ဝံလက်ဒေသ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှာ ဆွေးနွေးပွဲကျင်းပပြုလုပ်နေတာပါ။

ဒီဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး  မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စောင့်ကြည့်ရေးအဖွဲ့ရဲ့ ဥက္ကဌ ဒေါ်နှင်းယုရွှေက RFA ကို အခုလိုပြောပါတယ်။

ကျနော်တို့အဖွဲ့က ဒေသခံတွေကို ဘယ်လိုသက်ရောက်မှုတွေ ဖြစ်ပေါ်နိုင်သလဲ၊ ကောင်းကျိုး ဆိုးကျိုးတွေ ဖြစ်ပေါ်နေသလား၊ နောက်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဖြစ်ပေါ်မှုတွေ ဘာတွေရှိနေသလဲဆိုတာကို စစ်တမ်းတစ်ခုကောက်ပြီးတော့ နိုင်ငံတကာကိုရော နောက်ဒီစီမံကိန်းနဲ့ ပတ်သက်တဲ့ ရင်းနှီးမြှုပ်နှံသူတွေကိုရော၊ သက်ဆိုင်ရာ အာဏာပိုင်တွေကိုရော ကျနော်တို့ချပြမယ်ပေါ့နော်၊ ”

ကျောက်ဖြူမြို့ကနေထုတ်ယူနေတဲ့ ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းနဲ့ ပတ်သက်ပြီးတော့ ဆိုးကျိုးကောင်းကျိုးတွေကို ဒေသခံတွေအနေနဲ့ ဒီကနေ့အထိ တစ်စုံတရာ မသိရှိရသေးသလို စီမံကိန်းတွေကြောင့် ဒေသခံတွေရဲ့ လူနေမှုဘဝတွေ ပျက်စီးဆုံးရှုံးနေရဆဲဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒီအတောအတွင်း ရွှေသဘာ ဓာတ်ငွေ့ပိုက်လိုင်းတစ်လျှောက် ဒေသခံတွေရဲ့ လယ်ယာမြေထိခိုက် ပျက်စီးနေကြရတာတွေကို လေ့လာစစ်တမ်းကောက်ပြီး လွှတ်တော်ဆီ တင်ပြတောင်းဆိုသွားမယ်လို့ ရွှေသဘာဓာတ်ငွေ့ပိုက်လိုင်း စောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ပဒေသာမိုးအဖွဲ့ရဲ့ ဦးဆောင်သူတွေက ပြောကြားလိုက်ပါတယ်။

အဲဒီအဖွဲ့ဟာ တရုတ်ဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းသွားတဲ့ မကွေးတိုင်း၊ ငဖဲမြို့နယ် ကျေးရွာခုနှစ်ရွာက ဒေသခံတွေရဲ့ လယ်ယာမြေပျက်စီးမှုတွေကို လိုက်လံစစ်တမ်းကောက်နေတဲ့အဖွဲ့ဖြစ်ပါတယ်။ ပဒေသာမိုးအဖွဲ့က ဦးသန့်ဇင်က ငဖဲမြို့နယ် ရွာ ၇ ရွာမှာ တွေ့ရှိချက်တွေနဲ့ ပတ်သက်ပြီး RFA ကို အခုလို ပြောပါတယ်။

ကျနော်တို့ ဒီတွေ့ရှိချက်တွေကို လွှတ်တော်ထဲကိုတင်မယ်၊ လွှတ်တော်ထဲကိုတင်ပြီးတော့ ဒီပိုက်လိုင်းတစ်လျှောက်မှာ ဖြစ်ပျက်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ အစိုးရအနေနဲ့ မူဝါဒအပြောင်းအလဲတစ်ခုခုပေါ့၊ တစုံတရာအကျိုး သက်ရောက်စေလိမ့်မယ်၊ အသုံးကျလိမ့်မယ်လို့ ကျနော်တို့ကမျှော်လင့်ပါတယ်၊ ကျနော်တို့ လောလောဆယ် ၇ ရွာကို ကောက်ထားပါတယ်၊ တချို့လယ်မဲ့ယာမဲ့ ဖြစ်သွားတဲ့ကိစ္စတွေ၊ ကျောင်းသားလေးတွေ ကျောင်းထွက်လိုက်ရတယ်ဆိုတဲ့ ကိစ္စတွေပေါ့”

ငဖဲမြို့နယ်မှာ ပိုက်လိုင်းကြောင့် လယ်ယာမြေပျက်စီးမှုတွေကို လျော်ကြေးပေးတာရှိသလို အဲဒီအဖွဲ့ကတော့ လျော်ကြေးမရတဲ့ ကျေးရွာ ၇ ရွာကို သွားရောက်စစ်တမ်းကောက်ယူခဲ့တာလို့ ပြောပါတယ်။

သူတို့ စစ်တမ်းကောက်ယူခဲ့တဲ့ ကျေးရွာတွေကတော့ ယင်းရှည်၊ ဇာတက်ကူ၊ ဆုံဂုံ၊ တာယာဂုံ၊ ပျံကြီး စတဲ့ကျေးရွာတွေဖြစ်ပြီး စက်တင်ဘာလ ၁၆ ရက်နေ့ကနေ အခုအချိန်ထိ ဆက်လက်ကောက်ယူနေဆဲလို့ သိရပါတယ်။ ငဖဲမြို့အုပ်ချုပ်ရေးမှူးက စစ်တမ်းမကောက်ဖို့ တားမြစ်ခဲ့တယ်လို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။