ပိုက်လိုင်းကြောင့် နစ်နာမှု ဖြေရှင်းပေးဖို့ သမ္မတထံတောင်းဆို


2013.09.09

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ကနေ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ကိုတင်ပို့နေတဲ့ ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် ထိခိုက်နစ်နာမှုတွေကို ဖြေရှင်းပေးဖို့နဲ့ ဒေသခံတွေရဲ့ရပိုင်ခွင့်တွေကို ဆောင်ရွက်ပေးဖို့ ကျောက်ဖြူ မြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာ ၂၈ ရွာက ဒေသခံတွေ စုပေါင်းလက်မှတ်ရေးထိုးပြီး နိုင်ငံတော်သမ္မတဆီကို ဒီနေ့ စာပေးပို့လိုက်ပါတယ်။

ရွှေသဘာဓာတ်ငွေ့ပိုက်လိုင်းကြောင့် လက်ရှိရင်ဆိုင်နေရတဲ့ အခက်ခဲတွေနဲ့ ပတ်သက်ပြီး သမ္မတဆီကို လက်မှတ်ရေးထိုး စာရေးသားပေးပို့ရာမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ဒေသခံ ဦးချမ်းမောင်နုက RFA ကို အခုလိုပြောပါတယ်။

အခုဒေသခံတွေသဘောကတော့ မိုးရာသီဆိုတော့ ဒီပိုက်လိုင်းမှာ ဘေးထွက်ဆိုးကျိုးတွေ တော်တော် များတယ်ခင်ဗျ၊ ဘာဖြစ်လို့လဲဆိုတော့ မြေထိုးစက်တွေသွားနေတဲ့အခါ စပါးတွေကပုံမှန်အတိုင်း စိုက်လို့မရဘူးပေါ့၊ အဲလိုမျိုးတွေ ပြဿနာဖြစ်နေတယ်၊ ကျနော်တို့လိုချင်တာကတော့ ပိုက်လိုင်းကို ဒီလိုမျိုးမဖြစ်အောင် လုပ်စေချင်တယ်ခင်ဗျ”

နိုင်ငံတော်သမ္မတဆီကို ပေးပို့လိုက်တဲ့ အဲဒီတောင်းဆိုတဲ့စာထဲမှာ ပိုက်လိုင်းစီမံကိန်းကြောင့် ဖြစ်ပေါ်လာတဲ့ ထိခိုက်နစ်နာမှုတွေကို တိကျတဲ့အာမခံချက်တွေနဲ့ ဆောင်ရွက်ပေးဖို့၊ ကျေးလက်စာသင်ကျောင်းတွေ အပါအဝင် ဆေးပေးခန်းတွေနဲ့ သောက်သုံးရေကန်တွေ ဖြည့်ဆည်းပေးဖို့၊ ကျေးရွာချင်းဆက်လမ်းတွေ ကောင်း မွန်အောင်ဆောင်ရွက်ပေးဖို့၊ ဘိုးဘွားဘီဘင်အဆက်ဆက်  မှီခိုလုပ်ကိုင်လာခဲ့တဲ့ လယ်ယာမြေတွေကို မည်သူတစ်ဦးတစ်ယောက်မျှ ကျူးကျော်သိမ်းပိုက်ခြင်းမပြုလုပ်ဖို့နဲ့  ပုဒ်မ-၁၈နဲ့ အမှုရင်ဆိုင်နေရတဲ့ မဒေးကျွန်းဆန္ဒပြရာမှာပါဝင်တဲ့ ခေါင်းဆောင် ၁ ဦးကို အမှုကျေအေးပေးဖို့စတဲ့ အချက်တွေအပါအဝင် အချက် ၈ ချက်ပါဝင်ကြောင်း သိရပါတယ်။

ဒါ့အပြင် နိုင်ငံတော်သမ္မတအနေနဲ့ ဒေသခံတွေတောင်းဆိုတဲ့အချက်တွေကို ရက်ပေါင်း ၂ အတွင်း တစ်စုံတစ်ရာ တုန့်ပြန်မှုမရှိပါက ဒေသခံတွေအနေနဲ့ ထပ်မံဆန္ဒပြတောင်းဆိုမယ်လို့လည်း သမ္မတဆီကို ပေးပို့တဲ့စာထဲမှာ ထည့်သွင်းရေးသားထားတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။