စနဲမြို့ရဲစခန်း စခန်းမှူးကို AA ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေပြော

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် စနဲမြို့ရဲစခန်းက စခန်းမှူး ရဲအုပ် ကျော်ဇင်ဝင်းကို ဇူလိုင်လ ၂၄ ရက် ဒီနေ့မနက် ၈ နာရီမှာ ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စခန်းမှူး ရဲအုပ် ကျော်ဇင်ဝင်းကို စနဲမြို့မဈေးအတွင်းမှာ အရပ်ဝတ်တွေနဲ့ လာရောက် ဖမ်းဆီးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စနဲဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"မနက် ၈ နာရီက ဖမ်းတာ။ ဈေးကအဲအချိန် လူမကွဲသေးဘူးလေ။ ဘယ်သူဘယ်ဝါ ဆိုတာ မြင်လိုက်ရတယ်။ စခန်းမှူးဖမ်းခံရတယ်လို့ သတင်းကြားတာနဲ့ ဈေးဆိုင်ခန်း တွေလည်း ပိတ်။ မုန့်ဆိုင်တွေလည်း ပိတ်သွားကြတယ်။ မြို့ထဲမှာ ဘာထူးမလဲ အခြေအနေ စောင့်ကြည့်နေရတယ်"
ရဲအုပ် ကျော်ဇင်ဝင်းဟာ အသက် ၃၀ ကျော်အရွယ်ဖြစ်ပြီး စနဲမြို့မဈေးကို မကြာခဏ လာရောက် ဈေးဝယ်လေ့ရှိတယ်လို့ သူကဆိုပါတယ်။
အခုလို စခန်းမှူးအဖမ်းခံရပြီးနောက်ပိုင်း မြို့ထဲမှာ ပြည်သူတွေ သွားတာလာတာ မရှိတော့သလို ဆေးရုံနဲ့ ရဲစခန်းအရှေ့တွေမှာလည်း လုံခြုံရေးတွေချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တိတိကျကျသိရဖို့ ရက္ခိုင့်တပ်တော် (AA) ရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဒီနေ့ညနေ ၅ နာရီကျော်အထိ အကြောင်းပြန်ဖြေဆိုတာ မရှိခဲ့ပါဘူး။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှရွှေနဲ့ ယာဉ်မောင်း ကိုမောင်ကျော်နိုင်တို့ကို AA က ဖမ်းဆီးခဲ့ပြီးနောက် စစ်ကောင်စီနဲ့ ပတ်သက်မှု မရှိဘူးဆိုပြီး ဇူလိုင်လ ၂၃ ရက် မနေ့က ပြန်လွှတ်ပေးခဲ့ပါတယ်။