ကျောက်ဖြူရဲစခန်းက နယ်ထိန်းရဲအုပ်ကို ရဲတပ်သားက ပစ်သတ်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မြို့မရဲစခန်းမှာ ဇူလိုင်လ ၂၉ ရက် မနေ့ည ၁၀ နာရီ ခန့်က နယ်ထိန်းခေါင်းဆောင် ရဲအုပ်အုန်းကျော်ဌေးကို ရဲတပ်သားစိုးလင်းအောင်က သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသက် (၃၇) နှစ်အရွယ် ရဲအုပ်အုန်းကျော်ဌေးကို အကန်ခံခဲ့ရတဲ့ အသက် (၂၀) အရွယ် ရဲတပ်သား စိုးလင်းအောင်က သေနတ်နဲ့ ခြောက်ချက်ပစ်ခတ်ခဲ့တာကြောင့် နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"ဖြစ်တာက ရဲစခန်းဝင်ပေါက်တည့်တည့် လမ်းမပေါ်မှာဖြစ်တာ။ ရဲအုပ် အုန်းကျော်ဌေး က မြို့နယ်မှူးဆူတာ ခံထားရတဲ့ စိုးလင်းအောင်ကို ကင်းလှည့်ဖို့လာတာ နောက်ကျ တယ်ဆိုပြီး မဲပြီး လူကိုရော၊ ဆိုင်ကယ်ကိုရော ပိတ်ကန်လိုက်တယ်။ လဲကျတဲ့နေရာ ကနေ ပြန်ထပြီး စိုးလင်းအောင်က သေနတ်နဲ့ဆက်တိုက်ပစ်လိုက်တာ၊ ခြောက်ချက်။ အဲဒီနေရာမှာပဲ ဆုံးသွားတယ်"
ရဲအုပ် အုန်းကျော်ဌေးဟာ ပခုက္ကူမြို့နယ်က ကျောက်ဖြူကိုပြောင်းလာတာ နှစ်နှစ်ကျော်ပြီ ဖြစ်ပြီး သူဟာ ရဲတပ်သား စိုးလင်းအောင်ကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံလေ့ရှိတယ် လို့လည်း ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေး သလို RFA အနေနဲ့လည်း သီးခြားအတည်ပြုနေဆဲ ဖြစ်ပါတယ်။
ပစ်ခတ်မှုဖြစ်တဲ့ မနေ့က ကျောက်ဖြူမြိုနယ် စခန်းမှုးနဲ့ မြို့နယ်မှူး နယ်အပြောင်းအရွှေ့ ရှိတာကြောင့် နှုတ်ဆက်ပွဲ လုပ်နေကြတာလို့လည်း ဒေသခံတွေက ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက် ရဲတပ်သား စိုးလင်းအောင်ဟာ ကမ်းခြေဘက်ကို ထွက်ပြေး သွားတာကြောင့် စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ လုံခြုံရေးအင်အားအပြည့်နဲ့ ကျောက်ဖြူမြို့နယ်အတွင်း ပိုက်စိပ်တိုက် ရှာဖွေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။