ကျောက်ဖြူမြို့ စနဲ စခန်းမှူးကို AA ဖမ်းပြီးနောက်ပိုင်း ဒေသခံခြောက်ဦး အဖမ်းခံထားရ

2022.07.25
ကျောက်ဖြူမြို့ စနဲ စခန်းမှူးကို AA ဖမ်းပြီးနောက်ပိုင်း ဒေသခံခြောက်ဦး အဖမ်းခံထားရ စနဲမြို့ အလယ်စုဂိတ်ကို ၂၀၂၀ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့က တွေ့ရစဉ်
ဓာတ်ပုံ - Covid-19 ရောဂါကာကွယ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ - စနဲမြို့
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် စနဲမြို့ ရဲစခန်းမှူး ရဲအုပ်ကျော်ဇင်ဝင်းကို ဇူလိုင်လ ၂၄ ရက် မနေ့မှာ ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးသွားပြီးနောက်ပိုင်း စနဲ ဒေသခံ ၁၄ ဦးကိုလည်း စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
အဲဒီအထဲက ရှစ်ဦးကို ပြန်လွှတ်ပေးခဲ့ပေမယ့် ကျန်တဲ့သူတွေကတော့ ဆက်လက်အဖမ်းခံ ထားရဆဲ ဖြစ်တယ်လို့လည်း AA က ဒီနေ့ညနေပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
 
လက်ရှိ စနဲမြို့ခံတွေဖြစ်ကြတဲ့ မခင်သူဇာလွင်၊ မခင်နီလာလွင်၊ မအေးမြတ်မွန်၊ မမိုးမိုးသွယ်၊ ကိုတင်မျိုးထွန်းနဲ့ ဦးအောင်နိုင်လင်းတို့ အဖမ်းခံထားရဆဲ ဖြစ်ပါတယ်။
 
သူတို့ကို ကျောက်ဖြူမြို့ထံ ပို့ဆောင်ထားပြီး အမျိုးသမီးတွေပါတာကြောင့် စိုးရိမ်နေကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။
 
“သူတို့ကို စစ်ဆေးစရာ ရှိတယ်ဆိုပြီး ခေါ်သွားတာ။ တချို့ကိုတော့ ခံဝန်နဲ့ ပြန်လွှတ်ပေး လိုက်တယ်။ တချို့ကိုတော့ ပြန်မလွှတ်သေးဘူး။ ရဲစခန်းမှူးတစ်ယောက်ကို ဈေးထဲမှာ AA က ဖမ်းသွားတယ်လေ။ အဲဒါ ကြောင့် ခေါ်သွားတာ။ အခု သိရသလောက်တော့ သူတို့ကို ကျောက်ဖြူရဲခရိုင်တရားရုံးကို ပို့ဆောင်လိုက်ပြီ။ သူတို့က မိန်းကလေးတွေလေ။ ဘယ်လို လုပ်ပြီး AA တပ်ဖွဲ့ဝင်ဖြစ်ရမှာလဲ။ ကျနော်တို့ကတော့ စိုးရိမ်တာပေါ့ဗျာ”
 
အဖမ်းခံထားရသူတွေရဲ့ မိသားစုဝင်တွေအားလုံးကလည်း စိုးရိမ်နေကြပြီး အမြန်ဆုံးပြန်လွှတ် ပေးဖို့ တောင်းဆိုတယ်လို့လည်း ဆိုပါတယ်။
 
စနဲမြို့မှာ ဒီကနေ့လည်း စစ်ကောင်စီတပ်သားတွေ စစ်ဆေးမှုတွေ လုပ်နေတာကြောင့် ဒေသခံတွေကတော့ နေအိမ်မှာပဲ နေကြရတယ်လို့လည်း ဒေသခံက ပြောပါတယ်။
 
ရခိုင်ပြည်နယ် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး စတဲ့မြို့နယ်တွေမှာလည်း ပြီးခဲ့တဲ့ဇွန်လအတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို AA က ဖမ်းဆီးသွားပြီးနောက်ပိုင်း ဒေသခံ အများအပြားကိုလည်း စစ်ကောင်စီဘက်က ဖမ်းဆီးခဲ့ပြီး အဲဒီအထဲက ၄၀ ကျော်ကတော့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲခံထားရပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။