ဘင်္ဂလားဒေ့ရှ်ပြန် ရခိုင် ၆၀၀ ခန့် အခက်အခဲတွေ့
2013.04.30

ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်ကနေ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဘက်ကို ရခိုင်မျိုးနွယ်စုဝင် အိမ်ထောင်စုပေါင်း ၁၆၀ ကျော် ရွှေ့ပြောင်းအခြေချနေထိုင်လာကြပြီး သူတို့ရဲ့စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေ တယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။
ရခိုင်ပြည်နယ်အတွင်းကို တစ်ဘက်ဘင်္ဂလားဒေ့ရ်ှ ကနေ ပြောင်းရွှေ့လာသူတွေဟာ ပြီးခဲ့တဲ့လပိုင်းက အိမ်ထောင်စု ၇၀ ဝန်းကျင်လောက်သာရှိခဲ့ရာကနေ အခုလက်ရှိမှာ အိမ်ထောင်စုပေါင်း ၁၆၀၊ လူဦးရေ ၆၀၀ ကျော်အထိ တိုးလာနေတယ်လို့ အဲဒီရွှေ့ပြောင်း လာသူတွေအရေး ကူညီဆောင်ရွက်ပေးနေ တဲ့ မောင်တောဒေသခံ လူမှုရေးအဖွဲ့အစည်းတွေက ပြောပါတယ်။
ဒီအိမ်ထောင်စုတွေရဲ့ စားနပ်ရိက္ခာအတွက် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ WFP က စားနပ်ရိက္ခာတွေ ကူညီပေးနေပေမယ့် နောက်ပိုင်းမှာ ဒုက္ခသည်စာရင်းမဝင်လို့ဆိုပြီး ကူညီမှုထောက်ပံ့မှုတွေကို ရပ်ဆိုင်းလိုက်တဲ့အတွက် အခုလို အခက်အခဲတွေ ပိုမိုကြုံတွေ့နေရတာဖြစ်တယ်လို့ ရွှေ့ပြောင်းလာသူတွေအရေး အဓိကကူညီဆောင်ရွက်ပေးနေတဲ့ မောင်တောမြို့၊ ဗဟိုကျောင်းတိုက်က ဆရာတော် အရှင်အာစာရက RFA ကို မိန့်ကြားပါတယ်။
တစ်ဘက်ဘင်္ဂလားဒေ့ရ်ှကနေ ပြောင်းရွှေ့လာကြတဲ့ ရခိုင်မျိုးနွယ်စုဝင်တွေကို ရခိုင်ပြည်နယ်အစိုးရက မောင်တောဒေသတစ်ဝိုက်က နယ်စပ်ဒေသပညာရေးနဲ့ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ညွှန်ကြားမှုဦးစီးဌာန (နတလ) အစီအစဉ်နဲ့ နေရာချပေးထားတဲ့ ကျေးရွာတွေမှာ အခြေချနေထိုင်ခွင့်ပြုထားပြီး စားနပ်ရိက္ခာထောက်ပံ့မှုတွေကိုလည်း လုပ်နေတယ်လို့ဆိုပေမယ့် အစိုးရရဲ့ထောက်ပံ့မှုဟာ တစ်စတစ်စများပြားလာနေတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် လုံလောက်မှုမရှိတော့ဘူးလို့ ဆရာတော်က ဆက်လက်မိန့်ကြားပါတယ်။
ဒါ့အပြင် အခုလက်ရှိမှာ အဲဒီရွှေ့ပြောင်းနေထိုင်သူတွေဟာ ကျေးရွာတွေမှာရှိတဲ့ စာသင်ကျောင်းတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေကို အဓိကထား မှီခိုနေထိုင်နေကြရတယ်လို့ဆိုပါတယ်။
ရခိုင်ပြည်နယ်ဘက်ကို ရွှေ့ပြောင်းလာကြတဲ့ ရခိုင်မျိုးနွယ်စုတွေထဲမှာ ရခိုင်လူမျိုးတွေအပြင်၊ ဒိုင်းနက်၊ မြို၊ မာရမာကြီး၊ ခမီး စတဲ့ လူမျိုးနွယ်စုတွေ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။ သူတို့တွေဟာ တစ်ဘက် ဘင်္ဂလားဒေ့ရ်ှနိုင်ငံ စစ်တကောင်းတောင်တန်းဒေသ နတ်ကျောက်စရီ၊ အလယ်ခိုဒေါင်၊ မော်ဒုတ်ကြီး၊ မော်ဒုတ်ချေ၊ ဘောဒူဝနဲ့ ရွာတော်ခရိုင်တွေမှာ နှစ်ပေါင်းများစွာ အခြေချနေထိုင်လာခဲ့သူတွေဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းမှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ဆက်နွယ်ပြီး မူဆလင်အစွန်းရောက်တွေရဲ့ ရန်ပြုမယ့်အန္တရာယ်ကြောင့် ပြီးခဲ့တဲ့နှစ်အောက်တိုဘာလကစတင်ပြီး ရခိုင်ပြည်နယ်ထဲကို ရွှေ့ပြောင်းလာကြတာဖြစ်ပါတယ်။