ကျောက်ဖြူဒေသခံတွေရဲ့ လေကြောင်း ခရီးသွားလာခွင့် စစ်ကောင်စီကန့်သတ်
2024.02.12
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ကနေ ရန်ကုန်ကို လေကြောင်းနဲ့ ခရီးသွားလာခွင့်ကိုပါ ဖေဖော်ဝါရီ ၁၅ ရက်ကစပြီး စစ်ကောင်စီဘက်က ကန့်သတ်လိုက်ပြီး ထောက်ခံစာပါမှ သွားလို့ရတော့မယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်း၊ ကျောင်းသား/သူတွေနဲ့ ကျန်းမာရေး မကောင်းသူတွေကိုသာ လေကြောင်းနဲ့ သွားလာခွင့်ပြုထားပြီး သာမန် အရပ်သားတွေကိုတော့ ကန့်သတ်လိုက်တာလို့ ကျောက်ဖြူမြို့ခံ အမျိုးသမီးတစ်ဦးက RFA ကိုပြောပါတယ်။
“ထွေအုပ်ရုံးက ထောက်ခံစာရမှပဲ လေယာဉ်လက်မှတ် ဝယ်လို့ရမယ်။ သွားလို့ရမယ်။ ပြီးတော့ ရိုးရိုးသာမန် ပြည်သူတွေ သွားလို့မရတော့ဘူး။ ဘာကြောင့်လဲ မသိဘူး”
ဖေဖော်ဝါရီ ၁၁ ရက်မနေ့က ကျောက်ဖြူမြို့ ခရိုင် အထွေထွေ အုပ်ချုပ်ရေးရုံးမှာပြုလုပ်ခဲ့တဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ အခုလို ကန့်သတ်တာလို့ (MAI) လေကြောင်းလိုင်းကလည်း ထုတ်ပြန်ထားပါတယ်။
လေယာဉ်လက်မှတ် ကြိုတင်ဝယ်ယူထားကြတဲ့ ခရီးသည်တွေအနေနဲ့လည်း ထွေအုပ်ရုံးကို သွားရောက်အကြောင်းကြားပေးရမှာဖြစ်ပြီး သက်ဆိုင်ရာ လေကြောင်းလိုင်းနဲ့ အရောင်း ကိုယ်စားလှယ်တွေကလည်း ခရီးသည်တွေကို ကြိုတင်အသိပေးရမယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ရခိုင်မှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်က တစ်ကျော့ပြန်တိုက်ပွဲ စတင်ခဲ့ပြီးနောက် ဒေသတွင်း ကုန်းလမ်း၊ ရေလမ်းတွေကို စစ်ကောင်စီဘက်က ပိတ်ဆို့ကန့်သတ်ခဲ့တာကြောင့် ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့သာ ခရီးသွားလာနေကြတာပါ။
လက်ရှိမှာ လေကြောင်းလိုင်းကိုပါ စစ်ကောင်စီဘက်က ထပ်မံ ကန့်သတ်လာတာကြောင့် အခက်အခဲတွေ ကြုံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလို ကန့်သတ်လိုက်တဲ့အပေါ် တိတိကျကျသိရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။