ကလုံးထာ ခဲသတ္တုတူးဖော်မှု ယာယီရပ်ပေးဖို့ ဒေသ ခံတွေတောင်းဆို
2015.05.17
တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ကလုံးထာကျေးရွာမှာ ခဲသတ္တုတူးဖော်နေတဲ့ ANA & NRD ကုမ္ပဏီရဲ့ လုပ်ငန်းလည်ပတ်မှုကို ယာယီရပ်ဆိုင်းပေးဖို့ ကလုံးထာရွာခံ ၁၅၀ လောက်က မနေ့က သွားရောက်တောင်းဆိုခဲ့ ပါတယ်။
စွန့်ပစ်မြေစာတွေကြောင့် ရေညစ်ညမ်းတာတွေ မဖြစ်အောင် ဖြေရှင်းဆောင်ရွက်ပေးနိုင်မှ လုပ်ငန်းကို ပြန်လည် လုပ်ကိုင်ဖို့ တောင်းဆိုတာဖြစ်တယ်လို့ ကလုံးထာကျေးရွာက ဒေသခံ ကိုစုပိုင်က ပြောပါတယ်။
"လောလောဆယ် ကုမ္ပဏီကို ဆက်ပြီးတော့မလုပ်ဖို့ ကျနော်တို့ရွာသူရွာသားတွေ အနေနဲ့ ဝိုင်းပြီးတောင်းဆို တာဖြစ်ပါတယ်၊ သူတို့ရဲ့မြေစာတွေကို စနစ်တကျပုံပေးဖို့၊ နောက်တစ်ခုက သူတို့လုပ်နေတဲ့အချိန် မှာ ရေနောက်တွေကိုချောင်းထဲကို တိုက်ရိုက် မလွှတ်ချဖို့၊ နောက်တစ်ခုက ရေထဲကို ဓာတုပစ္စည်းတွေမထည့်ဖို့ သူတို့ကို တောင်းဆို တယ်၊ အပြီးသတ်နားခိုင်းတာမဟုတ်ဘူး၊ ကျနော်တို့ဒေသခံတွေ တောင်းဆိုတာကို လုပ်ပေး၊ သူတို့အတွက်လည်း အကျိုးရှိအောင်၊ ကျနော်တို့အတွက်လည်းမနစ်နာစေအောင်"
ဒေသခံတွေရဲ့ တားမြစ်မှုကြောင့် လုပ်ငန်းခွင်ကို ယာယီရပ်နားထားပြီး ကုမ္ပဏီပိုင်ရှင် အနေနဲ့ ဒေသခံတွေနဲ့ လာရောက်ဆွေးနွေးဖို့ ကမ်းလှမ်းထားတယ် လို့လည်း သိရပါတယ်။
ကလုံးထာကျေးရွာအနီး ကလုံးထာချောင်းနဲ့ နှစ်ဖာလုံအကွာမှာ ကုမ္ပဏီက ခဲသတ္တုတူးဖော်တဲ့ လုပ်ငန်းကို အလုပ် သမား ၂၀ ကျော် နဲ့ လုပ်ကိုင်နေတာဖြစ်ပြီး စွန့်ပစ်မြေစာတွေကို ချောင်းအနီးမှာ စုပုံထားတယ်လို့ သိရပါတယ်။
အဲဒီကျေးရွာမှာ ဥယျာဉ်ခြံမြေလုပ်ငန်းကို အဓိကလုပ်ကိုင်ကြတာဖြစ်ပြီး ကုမ္ပဏီက စွန့်ပစ်တဲ့ မြေစာတွေ ခဲဆိပ်တွေကြောင့် ရေညစ်ညမ်းမှုတွေ ဥယျာဉ်ခြံမြေ ပျက်စီးမှုတွေ ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ANA & NRD ကုမ္ပဏီဟာ သတ္တုတွင်းဝန်ကြီးဌာန လက်အောက်ခံ အမှတ် ၂ သတ္တုတွင်းဦးစီးဌာန ခွင့်ပြုချက်နဲ့ လွန်ခဲ့တဲ့ ၂၀၀၀ ခုနှစ်ကစပြီး ခဲသတ္တုတူးဖော်နေတာ ဖြစ်ပါတယ်။