ဆောမြို့နယ် ကံကြီးရွာကို စစ်ကြောင်းထိုးစီးနင်းထားလို့ ရွာလုံးကျွတ်ထွက်ပြေးနေရ
2024.05.31

မကွေးတိုင်း ဆောမြို့နယ် ကျောက်ထုမြို့တောင်ဘက်က ကံကြီးရွာကို စစ်ကောင်စီတပ်က မေလ ၃၁ ရက် ဒီနေ့မှာ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ရွာက စာသင်ကျောင်းမှာ တပ်စွဲထားတာကြောင့် ရွာလုံးကျွတ် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်ထုမြို့ အမြောက်တပ်နဲ့ တစ်မိုင်ခန့်ဝေးတဲ့ အဲဒီရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ရှိနေတယ်ဆိုတဲ့ ယူဆချက်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာလို့ ရွာက လူဦးရေ ရှစ်ရာခန့် ထွက်ပြေးနေရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အခုဆို ကံကြီးရွာထဲကို စစ်ကြောင်းရောက်နေပြီလေ။ မနက် ကိုးနာရီလောက်ကတည်းက စစ်ကြောင်းရောက်နေတာ။ ကံကြီးရွာထဲမှာ လူတွေ တစ်ယောက်မှမကျန်တော့ဘူး။ အကုန်ထွက်ပြေးကြပြီ”
စစ်ကြောင်းထိုးဝင်ရောက်လာတာအပြင် ကျောက်ထုမြို့ အမြောက်တပ်ကနေလည်း နေ့စဥ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ အရပ်သား ထိခိုက်မှုတွေလည်း ရှိနေတယ်လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။
“နေ့စဥ်လိုလို သူတို့ ရွာတွေကို လှည့်ပစ်ခတ်နေတာ တစ်ပတ်လောက်ရှိနေပြီ။ တေး၊ စံ၊ ရေရှင်ရွာဘက်တွေကို အကြောင်းမဲ့ကို ပစ်ခတ်နေတာဗျ။ အခု ဒီနေ့တောင်မှ တစ်ချက်ပစ်ပြီးပြီ”
မေ ၂၆ ရက်နေ့ကတော့ စံရွာထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၅၀ ဝန်းကျင် အမျိုးသမီးတစ်ဦးနဲ့ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့သလို နေအိမ်သုံးလုံးလည်း ထိခိုက်ပျက်ဆီးခဲ့တယ်လို့ သူက ပြောပါတယ်။
အဲဒီနေ့ တစ်ရက်တည်းမှာပဲ တေးရွာကို လက်နက်ကြီးကျလို့ စာသင်ကျောင်းဆောင်တစ်ခု ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
မေ ၉ ရက်နေ့ကတော့ ဆောမြို့နယ် အကြည်ပန်းပလွန်းရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် ၁၆ ဦး သေဆုံးပြီး ၂၅ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေ ၁၄ ရက်နေ့မှာလည်း ဆောမြို့နယ် တောမရွာ လေကြောင်းနဲ့ တိုက်ခိုက်ခံခဲ့ရတာကြောင့် ကလေးနဲ့ အမျိုးသမီးတွေအပါအဝင် ခုနစ်ဦး သေဆုံးခဲ့ပြီး လေးဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။