မြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်နားဖို့ ကချင်ဒေသခံတွေ တောင်းဆို
2020.03.14
ဒီနေ့ မတ်လ ၁၄ ရက်နေ့ကို နိုင်ငံတကာ မြစ်ချောင်းများနေ့အဖြစ် သတ်မှတ်ပြီး အခမ်းအနားတွေ ကျင်းပနေပါတယ်။ ကချင်ပြည်နယ်က မြစ်ဆုံဒေသခံ ၃၀၀ ကျော်က မြစ်ဆုံစီမံကိန်း ရပ်စဲရေးအတွက် ထာဝရတားဝရမ်းထုတ်ပေးဖို့ ပြည်ထောင်စုတရားလွှတ်တော်ကို မနေ့က တောင်းဆိုလိုက်ပါတယ်။
မြစ်ဆုံဒေသခံ ၃၀၀ ကျော် လက်မှတ်ရေးထိုးပြီး မြစ်ဆုံစီမံကိန်းကို ထာဝရတားဝရမ်းထုတ်ပေးဖို့ နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စုတရားလွှတ်တော်ကို မနေ့က စာချွန်တော်တင်ခဲ့တာပါ။
မြစ်ဆုံစီမံကိန်းကို ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က ယာယီရပ်ဆိုင်းခဲ့ပြီး လက်ရှိမှာ စီမံကိန်းကို တရုတ်နိုင်ငံသားတွေက ဆက်လက်လုပ်ကိုင်တာမျိုးတွေရှိတာကြောင့် အစိုးရအနေနဲ့ စီမံကိန်းကို တားဝရမ်းထုတ်ပေးဖို့ လာရောက်တောင်းဆိုတာလို့ မြစ်ဆုံဒေသခံ ဒေါ်လုရာက ပြောပါတယ်။
“ခုချိန်ထိ သူတို့က ရပ်ဆိုင်းခဲ့သော်လည်း အဲမှာတရုတ်တွေက အမြဲလုံခြုံရေးချထားပြီးမှ သူတို့ရဲ့လုပ်ငန်းခွင် ထဲမှာ ရွာသားတွေကို လုံးဝဝင်ခွင့်မရဘူး၊ အဲဒါကြောင့်မို့ ယာယီရပ်ဆိုင်းထားတဲ့နေရာမှာ အခုလိုလုပ်တာက ဒါကိုဆက်လုပ်နေတဲ့ သဘောရှိနေတယ်၊ အဲဒါကြောင့် ဒါကိုတားပေးဖို့ စာတင်တာ”
ပြီးခဲ့တဲ့ ၂၀၁၉ အောက်တိုဘာလတုန်းကလည်း မြစ်ဆုံစီမံကိန်း အပြီးသတ်ဖျက်သိမ်းဖို့ မြစ်ကြီးနားမြို့နယ်၊ မြစ်ကြီးနားခရိုင်နဲ့ ပြည်နယ်တရားရုံးတွေကို စာချွန်တော်တွေပို့ခဲ့ပေမယ့် ထူးခြားမှုမရှိတာကြောင့် ပြည်ထောင်တရားလွှတ်တော်ကို လာတင်တာလို့ ဒေါ်လုရာက ပြောပါတယ်။
မြစ်ဆုံစီမံကိန်း ထာဝရပိတ်သိမ်းပိတ်ဖိ့ုနဲ့ မြစ်ဆုံစီမံကိန်းစာချုပ်ကို ပြည်သူတွေကိုချပြပေးဖို့ တစ်နိုင်ငံလုံးမှာရှိတဲ့ အရပ်ဖက်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး ကော်မတီကလည်း တောင်းဆိုထားပါတယ်။
ဒေသခံတွေက သူတို့စိုးရိမ်ချက်တွေကို တင်ပြတောင်းဆိုတာကို ထောက်ခံကြောင်းနဲ့ အစိုးရအနေနဲ့ မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး ပွင့်လင်းမြင့်စွာ ချပြသင့်တယ်လို့ မြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ရမ်းက ပြောပါတယ်။
“ဒေသခံတွေကိုယ်တိုင်က ဆက်လုပ်နေတယ်ဆိုတဲ့ သတင်းတွေအရ ဒါကိုတားဖို့လုပ်တယ်ဆိုတာ သူတို့နိုင်ငံသား အခွင့်ရေးအရ တောင်းဆိုပိုင်ခွင့်ရှိပါတယ်၊ အစိုးရအနေနဲ့လည်း မြစ်ဆုံစီမံကိန်းဟာ တစ်တိုင်းပြည်လုံးက ကန့်ကွက်ထားတာကို ထည့်စဉ်းစားရမှာပါ၊ သူတို့တောင်းဆိုချက်ကို လုံးဝထောက်ခံတယ်၊ လိုအပ်သလို ပူးပေါင်းဆောင်ရွက်မယ်”
ပြည်သူ့လွှတ်တော် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးစိုးသူရထွန်းကတော့ မြစ်ဆုံစီမံကိန်းကို ဆက်လုပ်မယ်လို့ မထင်ကြောင်း ပြောပါတယ်။
မြစ်ဆုံစီမံကိန်းဟာ တရားဝင်ရပ်ဆိုင်းထားပြီး ပြန်လည်ခွင့်မပြုထားသေးတာကြောင့် တကယ်ပြန်လုပ်နေတယ်ဆိုရင် ကော်မတီအနေနဲ့ ကန့်ကွက်သွားမယ်လို့ ဦးစိုးသူရထွန်းက ပြောပါတယ်။
“ယာယီရပ်ဆိုင်းထားတဲ့ကာလမှာ ဆက်လုပ်လို့ မရပါဘူး၊ ဆက်လုပ်မယ်ဆိုရင်တော့ သဘောတူမှာ မဟုတ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော်က တရားဝင်ပြန်ခွင့်မပြုသေးဘူးလေ၊ သဘောလည်း မတူထားသေးဘူး၊ ဥပမာ ခိုးလုပ်တယ်တို့ ဘာတို့ရှိလို့ရှိရင်တော့ ဒို့တွေက ကန့်ကွက်မှာပဲ”
ဒေသခံတွေအနေနဲ့ ဥပဒေကြောင်းအရ ပြည်ထောင်စု တရားလွှတ်တော်တင်တာဟာ သူတို့အခွင့်အရေးဖြစ်တာကြောင့် ဘာမှမှတ်ချက်မပေးလိုဘူးလို့လည်း ဦးစိုးသူရထွန်းက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလက တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်ငံကိုလာခဲ့တဲ့ ခရီးစဉ်မှာ နှစ်နိုင်ငံ အစိုးရကြား ဆောင်ရွက်မယ့် စီမံကိန်း ၃၃ ခုကို သဘောတူ စာချွန်လွှာတွေ လက်မှတ်ရေးထိုးခဲ့ရာမှာ မြစ်ဆုံစီမံကိန်းကိစ္စ ပါဝင်ခဲ့ခြင်းမရှိသလို စီမံကိန်းနဲ့ ပတ်သက်ပြီး ထည့်သွင်းပြောဆိုခဲ့တာလည်း မရှိခဲ့ပါဘူး။
သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်က မြစ်ဆုံစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးနိုင်တဲ့အတွက် နိုင်ငံအနှံ့မှာ ဆန္ဒပြတောင်းဆိုတာတွေ ရှိခဲ့တဲ့အတွက် စီမံကိန်းကို ခေတ္တဆိုင်းငံ့ထားခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်ထိ မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းပေးဖို့ မြစ်ဆုံဒေသခံတွေ အပါအဝင် တစ်နိုင်ငံလုံးက ပြည်သူတွေက တောင်းဆိုနေပေမယ့် အစိုးရဘက်က တစ်စုံတစ်ရာ တုံ့ပြန်တာ မရှိသေးပါဘူး။
စီမံကိန်းသာ အကောင်ထည်ဖော်ဖြစ်မယ်ဆိုရင် လျှပ်စစ်ဓာတ်အား မီဂါဝပ် ၆၀ဝဝ အထိ ထုတ်လုပ်နိုင်မှာဖြစ်ပြီး ကမ္ဘာပေါ်မှာ ၁၅ ခုမြောက် အကြီးဆုံး ရေအားလျှပ်စစ် ထုတ်လုပ်တဲ့နေရာ ဖြစ်လာမှာပါ။
ဒီစီမံကိန်းမှာ တရုတ်အစိုးရပိုင် တရုတ်လျှပ်စစ်စွမ်းအား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI)က အများဆုံး ရင်းနှီးမြှုပ်နှံထားပြီး မြန်မာအစိုးရနဲ့ အေးရှားဝေါလ် ကုမ္ပဏီတို့လည်း ရင်းနှီးမြှုပ်နှံထားကြတာ ဖြစ်ပါတယ်။
စီမံကိန်းဟာ ဒေါ်လာသန်း ၃၆၀ဝ နီးပါး တန်ကြေးရှိနေပါတယ်။ စီမံကိန်းကို မြန်မာအစိုးရဘက်က ဖျက်သိမ်းလိုက်ရင် ဒေါ်လာ သန်း ၈၀၀ လျော် ပေးရဖို့ရှိတယ်လို့ တရုတ်အစိုးရ အာဘော် ဂလိုဘယ်တိုင်းမ်က ရေးထားပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ ၂၀၁၉ မတ်လတုန်းက ပြည်မြို့မှာကျင်းပတဲ့ လူထုတေ့ွဆုံပွဲမှာတော့ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်တစ်ခုပဲ ကြည့်လို့မရဘဲ စီးပွားရေး၊ နိုင်ငံရေးနဲ့ လူမှုရေး စတဲ့အဘက်ဘက်က စဉ်းစားဖို့လိုတယ်လို့ ပြောဆိုခဲ့ပါတယ်။
လက်ရှိမှာ မြစ်ဆုံစီမံကိန်းကြောင့် တန်ဖရဲ၊ မလီဇွပ်၊ လမြဲ၊ တောင်ပန်နဲ့ အောင်ဂျာ စတဲ့ကျေးရွာ ငါးရွာ ရွေ့ပြောင်းပေးရတာ ၁၀ နှစ်နီးပါးရှိနေပြီဖြစ်ပြီး စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မြစ်ဆုံဒေသခံတွေက ပြောပါတယ်။
ဒီနေ့ဟာ နိုင်ငံတကာ မြစ်ချောင်းများနေ့လည်းဖြစ်ပြီး မြစ်ချောင်းတွေမှာ ဆည်မဆောက်ဖို့ ဆန္ဒပြတောင်းဆိုတာတွေလည်း ရှိပါတယ်။