AA ဖမ်းဆီးထားတဲ့ ခူမီးတိုင်းရင်းသား ၅၂ ဦးကို ပြန်လွှတ်ပေးဖို့ တောင်းဆို
2019.04.29
ချင်းပြည်နယ် ပလက်ဝမြို့နယ် ကင်းတလင်းကျေးရွာက ခူမီးတိုင်းရင်းသား ၅၂ ဦးကို ရက္ခိုင့် တပ်မတော် AA က ဖမ်းဆီးခေါ်ဆောင်သွားတာကို ပြန်လွှတ်ပေးဖို့ ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) က မနေ့က ဧပြီလ ၂၈ ရက်နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့က အစိုးရတပ်မတော်နဲ့ AA တို့ ကင်းတလင်းရွာနားမှာ တိုက်ပွဲဖြစ် ပွားရာကနေ မိသားစု ၁၂ စု က လူဦးရေ ၅၄ ဦးတို့ကို AA က ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံလိုက်ရ တာလို့ KACC ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက RFA ကို ပြောပါတယ်။
အားလုံးဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူ ၅၄ ဦးထဲက နှစ်ဦးမှာ ပြန်လည်လွတ်မြောက်လာခဲ့ပြီး ကျန် တဲ့သူတွေဟာ AA စခန်းချနေရာတွေမှာ နေထိုင်နေရဆဲဖြစ်ပြီး အစာရေစာ မလုံမလောက်ဖြစ်နေကြရ တယ်လို့ ပြောပါတယ်။
ပြန်လွတ်လာသူ နှစ်ဦးရဲ့ပြောပြချက်အရ မြန်မာ-အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်နိမိတ် ထိစပ်တဲ့နေရာမှာ တပ်စခန်းချထားတာလို့ပြောကြောင်း ဦးကျော်ငြိမ်း က ပြောပါတယ်။
တိုက်ပွဲတွေကြောင့် တောထဲထွက်ပြေးနေရတဲ့ ခူမီးလူမျိုးတွေကို စစ်ဘေးလွတ်ရာ ဘင်္ဂလားဒေ့ရှ်နယ်စပ် တစ်နေရာဆီ AA က ပို့ဆောင်ပေးခဲ့တယ်လို့ AA ပြောခွင့်ရသူ ခိုင်သုခ က ပြန်လည်တုံ့ပြန်ထားပါတယ်။
AA ရက္ခိုင့်တပ်မတော်ဟာ ၂၀၁၅ ခုနှစ်ကတည်းက ပလက်ဝမြို့နယ်ထဲ အခြေချနေထိုင်ပြီး သူတို့ရဲ့နိုင်ငံရေးရည်မှန်းချက်ကို စစ်ရေးနည်းနဲ့ပုံဖော်နေကြပြီး ဇန်နဝါရီလဆန်းပိုင်းကတည်းက တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
ချင်းပြည်နယ်က ဒေသခံတွေဟာ တိုက်ပွဲတွေကြောင့် ဒေသဖွံ့ဖြိုးရေးပိုင်းကို ထိခိုက်နေကြရပြီး ဒေသ တွင်းတည်ငြိမ်မှုမရှိတာတွေကြောင့် စိုးရိမ်စိတ်တွေနဲ့ နေထိုင်လာကြရတယ်လို့ Chin Civil Society Network က ဧပြီလ ၂၅ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။
"ဒီအခုတော့ တိုက်ပွဲတော့မဖြစ်ပေမယ့် ဒီလိုမျိုး ဖွံ့ဖြိုးရေးစီမံကိန်းတွေ အဟန့်အတားဖြစ်စေတာကို တွေ့ရတာကို၊ တိုက်ပွဲဖြစ်လာရင်တော့ လုံးဝရပ်တန့်သွားမှာပေါ့၊ စစ်ဘေးရှောင်ပြည်သူတွေလည်း ခု ချိန်ထိ ကြောက်စိတ်တွေ မပြေသေးဘူး၊ တိုက်ပွဲရှောင်ပြည်သူတွေလည်း ပိုများလာတာကို၊ ချင်းပြည် နယ်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးရေး ပြည်သူတွေရဲ့ ကြောက်စိတ်တွေမရှိအောင် အဟန့်အတားပေး နေတဲ့ဟာတွေမလုပ်ဖို့ကို တောင်းဆိုတာကို"
Chin Civil Society Network က ဆလိုင်း ဇကုတ်ထန်း က ပြောသွားတာဖြစ်ပါတယ်။
အလားတူ ဧပြီလ ၂၁ ရက်နေ့ကလည်း မတူပီမြို့နယ်ကနေ တပ်မတော်စစ်ကား အစီး ၁၀၀ လောက် ရောက်လာပြီး ပလက်ဝမြို့နယ်ဖက်ကို ချီတက်သွားကြတာကို ဒေသခံတွေက တိုက်ပွဲတွေဖြစ်လာမှာ ကို စိုးရိမ်နေကြတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ကလည်း ဧပြီလ ၂၇ ရက်နေ့က ကြေညာချက်ထုတ် ပြန်ထားပါတယ်။
ချင်းလူ့အခွင့်အရေးအဖွဲ့က ဆလိုင်းတေရ က အခုလိုပြောပါတယ်။
"၂၁ ရက်နေ့ညနေပိုင်းမှာပဲ စစ်ကားရေ တစ်ရာလောက်နဲ့ တပ်မ ၇၇ လက်အောက်ခံတပ်တွေက မတူပီမှာရောက်လာကြတယ်၊ ပြီးတော့ အဖွဲံ့နှစ်ခုခွဲပြီးတော့ မတူပီမြောက်ဖက်ကို စစ်ကားအစီး ၅၀ လောက်နဲ့ စစ်သား တစ်ထောင်လောက်ရှိမယ် တက်သွားကြတာပေါ့နော်၊ နောက် ၄၀ ကျော်ကား တွေနဲ့ မတူပီတောင်ဖက်ကို ပလက်ဝလမ်းအတိုင်းသွားပြီး ပေါက်စိမ်းကျေးရွာမှာ ကား သုံးစီးက နား ထားတယ်တဲ့ ခြေကျင်နဲ့ ပလက်ဝနယ်ဖက်သွားပြီးတော့ ပါဆောင်းပေါ်ဆိုတဲ့သူနဲ့ သူ့ သူငယ်ချင်း နှစ်ယောက် ပေါင်း သုံးယောက်ကို လမ်းပြအဖြစ်နဲ့ ခေါ်သွားတယ်၊ သုံးယောက်စလုံးတော့ ပြန်လွှတ်ထားလိုက်တယ်လို့ သိရတယ်"
မတူပီကနေ ပလက်ဝမြို့နယ်ဖက်ကို တပ်မတော်က စစ်ယာဉ်တန်းတွေ သွားတယ်ဆိုတာကိုတော့ မသိရသေးကြောင်း ကုလားတန်မြစ်ဝှမ်း ဘက်စုံစီမံကိန်းလုပ်ငန်းတွေအတွက် ပလက်ဝမြို့နယ် တစ် ဝိုက်မှာ လုံခြုံရေးအရတာဝန်ယူထားပြီး တပ်ပြောင်းရွှေ့တာတွေတော့ရှိတယ်လို့ တပ်မတော် သတင်း မှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
"မီဇိုရမ်နဲ့ ပလက်ဝ ကုလားတန်မြစ်စီမံကိန်းပေါ့ ၂၀၁၈ လောက်ကစပြီး ကျွန်တော်တို့ လုံခြုံရေးဆောင် ရွက်နေတာရှိပါတယ်၊ ကြောက်လန့်နေတယ်ဆိုတာ မဖြစ်နိုင်ဘူး၊ တချို့ရွာတွေဆို စစ်ကြောင်းကို သူ တို့ဆီမှာ လုံခြုံရေးဆောင်ရွက်ပေးဖို့ အကူအညီတောင်းနေတာတောင်ရှိတယ်၊ ကျွန်တော်တို့ လုံခြုံရေး အင်အားတိုးတာတို့ သွားချတာတို့တော့ မရှိပါဘူး၊ ကျွန်တော်တို့ဆီမှာတော့ စစ်ဆင်ရေးမှာလုပ်အား ပေးစေခိုင်းတာကိုတော့ အပြင်းအထန် ကန့်သတ်ထားတာရှိတယ်၊ သို့သော် အောက်ခြေတပ်တွေက တော့ရှိကောင်းရှိနိုင်ပါတယ်၊ ဒါတွေနဲ့ပတ်သက်ပြီး ကာယကံရှင်တွေ ကျေနပ်တဲ့အနေအထားရှိပါလိမ့် မယ်၊ ဒီ ချင်းလူ့အခွင့်အရေးအဖွဲ့ဆိုတာလည်း ဘယ်ကအဖွဲ့မှန်းတော့မသိဘူး"
ဒါ့အပြင် ပလက်ဝမြို့နယ် ကင်းတလင်းကျေးရွာက ခူမီးတိုင်းရင်းသား ၅၂ ဦးတို့ကို ဖေဖော်ဝါရီလ ၂ ရက်နေ့က အစိုးရတပ်မတော်နဲ့ AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကင်းတလင်းရွာက ၅၄ ဦးတို့ကို AA က ဖမ်းဆီးခေါ်ဆောင်သွားတာ ပြန်လွှတ်ပေးဖို့အတွက် ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ (KACC) က မနေ့က ဧပြီလ ၂၈ ရက်နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပြီး တောင်းဆိုထားပါ တယ်။
အဲဒီထဲက နှစ်ဦးဟာပြန်လည်လွတ်မြောက်လာခဲ့ပြီး သူတို့ကို မြန်မာ-အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံ နယ်နိမိတ်နေရာက AA စခန်းတစ်ခုကို ခေါ်ဆောင်သွားခဲ့တာလို့ ပြောကြောင်း KACC ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက ပြောပါတယ်။
"ဘင်္ဂလားဒေ့ရှ်ရယ် အိန္ဒိယရယ် မြန်မာရယ် သုံးပွင့်ဆိုင်နေရာက အဲဒီမှာ သူတို့စခန်းရှိတယ် သူတို့နှစ် ဦးက မီးဇာရွာမှာပဲ စခန်းချတယ်၊ ကျန်တဲ့ ၅၂ ဦးက ဟိုမှာပဲကျန်သေးတာ၊ ဌာနချုပ်တော့ မဖြစ်နိုင်ဘူး ပြောလို့မရဘူး၊ အခုစစ်ရှောင်ဒုက္ခသည်က အများကြီးရှိတယ်၊ သက်ဆိုင်ရာပြည်နယ်အစိုးရကို တောင်း ဆိုတာ လောလောဆယ် ကူညီဆောင်ရွက်ပေးပါရန်ဆိုပြီး"
AA ပြောခွင့်ရသူ ခိုင်သုခ ကတော့ အဲဒီကြေညာချက်ပါ အချက်အလက်တွေကို အခုလိုငြင်းဆိုထားပါ တယ်။
"ခူမီးလူမျိုးတွေက လွန်ခဲ့ဲတဲ့ ဖေဖော်ဝါရီလလောက်က သူတို့ရွာတွေကို ဗမာစစ်တပ်က လက်နက်ကြီး တွေနဲ့ ပစ်ပြီးဖြိုလိုက်တာတွေရှိတယ်၊ ရွာသားတွေက ကြောက်ပြီးထွက်ပြေးကာ တောထဲမှာခိုအောင်း နေကြတယ်၊ ကျွန်တော်တို့ စစ်ကြောင်းတွေနဲ့တွေ့ပြီးတော့မှ ဘေးလွတ်တဲ့နေရာပေါ့ နယ်စပ်ဖက်ကို ကူညီပို့ဆောင်ပေးခဲ့တာ၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဖက်ရောက်ပြီး ပထမပိုင်းမှာ ဘင်္ဂလားဒေ့ရှ်အစိုးရဖက် က ကူညီထောက်ပံ့ခဲ့တာရှိတယ်၊ သူတို့ အခုအဲဒီမှာပဲ လုပ်ကိုင်စားသောက်တာရှိတယ်၊ ကျွန်တော်တို့ က အတင်းအကြပ်ခေါ်ထားတာမဟုတ်ဘူး၊ ခူမီးတွေက သူတို့ကော်မတီက ထုတ်ပြန်တာ လုံးဝတစ် ဖက်သတ်ဆန်တယ်၊ သူတို့လည်းသွားပြီးတော့ သူတို့လူတွေကို မေးကြည့်လို့ရတယ်"
ပလက်ဝမြို့နယ်ထဲမှာ အစိုးရတပ်မတော်နဲ့ AA တို့ ဇန်နဝါရီလဆန်းပိုင်းကတည်းက တိုက်ပွဲတွေဖြစ် ပွားနေရာ လက်ရှိ စစ်ဘေးဒုက္ခသည် ၂၀၀၀ ကျော်တို့ဟာ ဒုက္ခသည်စခန်း ၄ ခု တို့မှာ ခိုလှုံနေကြရ တယ်လို့ သိရပါတယ်ခင်ဗျာ။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။