ရိုဟင်ဂျာဆိုတာ မရှိကြောင်း စာအုပ်ထုတ်မည်လို့ပြော
2016.12.14
မြန်မာတိုင်းရင်းသားမျိုးနွယ်စုတွေထဲမှာ ရိုဟင်ဂျာ လူမျိုးမပါဘူးဆိုတဲ့အကြောင်းကို သမိုင်းဖြစ်ရပ်မှန်စာအုပ်အဖြစ် ထုတ်ဝေဖြန့်ချိဖို့ ပြင်ဆင်နေတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အဲဒီစာအုပ်ထုတ်ဝေဖို့အတွက် နိုင်ငံတော်အကြီးအကဲတွေဆီကို တင်ပြထားပြီး သမိုင်းပညာရှင်တွေကလည်း အချက်အလက်တွေ စုဆောင်းနေပြီဖြစ်တယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအာကာကျော် က ပြောပါတယ်။
"ဒီရှေးမြန်မာ ရာဇဝင်သမိုင်းတွေမှာ၊ ဒီကိုလိုနီခေတ်မှာ နောက်ပြီးလို့ရှိရင် ရှိတဲ့ တိုင်းရင်းသား အရေအတွက်တွေ မှာ ရိုဟင်ဂျာဆိုတဲ့ စကားလုံး အသုံးအနှုန်း ရေးသားဖော်ပြမှု မရှိကြောင်းကိုလည်း တွေ့ရှိခဲ့တယ်လို့ ပြည်ထောင် စုဝန်ကြီးက ပြောပါတယ်။ ညှိနှိုင်းအစည်းအဝေးပြုလုပ်ပြီးပြီဗျာ။ ပြီးလို့ရှိရင် နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင် ပင်ခံ ပုဂ္ဂိုလ်ဆီကို ဒီလိုမျိုးလုပ်ချင်တယ် ဆိုတဲ့အကြောင်းကို တင်ပြပြီးသွားပြီဗျာ။ သမိုင်းပညာရှင်တွေကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး အချက်အလက်တွေ စုစည်းနေကြပြီဗျာ။ ဆက်ပြီးတော့မှ နိုင်ငံတကာက ပြောဆိုထားတဲ့ မရှိဘူးဆိုတဲ့ ထောက်ခံချက်တွေကိုလည်း ပြုစုနေကြပြီဗျာ။ အဆင့်ဆင့်ဆောင်ရွက်နေတဲ့ အနေအထားတော့ ရှိပါပြီ"
အဲဒီ စာအုပ်ကို မြန်မာ့သမိုင်းအဖွဲ့က သမိုင်းပညာရှင်တွေက တည်းဖြတ်မှာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံက တိုင်းရင်းသားလူမျိုးတွေထဲမှာ ရိုဟင်ဂျာ မရှိကြောင်းကို သမိုင်းဖြစ်ရပ်မှန်အဖြစ် စာအုပ်ထုတ်ဝေဖို့ ရှိတဲ့အကြောင်း ဖေ့စ်ဘွတ်ပေါ်ကိုတင်ခဲ့ရာ လူအများစုက ထောက်ခံတဲ့အတွက် အခုလို စီစဉ်ရတာဖြစ်တယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ဝန်ကြီး သူရ ဦးအောင်ကို က ဒီလ ၁၀ ရက်နေ့က သမိုင်းပညာရှင်တွေ နဲ့ တွေ့ဆုံတဲ့ အစည်းအဝေးမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
အဲဒီစာအုပ်ကို ပြုစုပြီးတဲ့အခါ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တင်ပြပြီး ခွင့်ပြုချက်ရတာနဲ့ အများပြည်သူကို ထုတ်ဝေဖို့ စီစဉ်မယ်လို့ သိရပါတယ်။