လက်ထပ်ဖို့ ဘာသာပြောင်းရမယ်ဆိုတာ လူအခွင့်ရေး ချိုးဖောက်မှုဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်ပြော
2013.06.20

ပြည်သူ့လွှွတ်တော် ကိုယ်စားလှယ်၊ အန်အယ်လ်ဒီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဘာသာခြား ယောကျ်ားတစ်ဦးအနေနဲ့ မြန်မာ ဗုဒ္ဓဘာသာ အမျိုးသမီးတစ်ဦးကို လက်ထပ်လိုချင်ရင် ဗုဒ္ဓဘာသာဝင်အဖြစ် ပြောင်းလဲရမယ်လို့ အခုရက်ပိုင်းအတွင်း သံဃာတချို့က မိန့်ကြားနေကြတာဟာ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။
"ကျမတို့နိုင်ငံရဲ့ ဥပဒေနဲ့ ကိုက်ညီမှုမရှိဘူးလို့ နားလည်တယ်၊ အထူးသဖြင့် ဒါတရားတော်ထဲမပါဘူးဆိုရင် ကိုယ့်နိုင်ငံရဲ့ဥပဒေနဲ့ ကိုက်ညီလား၊ မလား ကြည့်ရမှာတစ်ဖက်၊ နောက်တစ်ဖက်ကလည်း ဇင်မာအောင်တို့ ပြောသလို၊ အမျိုးသမီးအခွင့်အရေး လူ့အခွင့်အရေးဘက်က ကြည့်ရမှာပေါ့"
RFA က ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ဆက်သွယ်မေးမြန်းခဲ့ရာမှာ အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် မလေးရှားရောက် မြန်မာနိုင်ငံသားတွေ သေကြေဒဏ်ရာရမှုနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ နိုင်ငံခြားရောက် မြန်မာနိုင်ငံသားတွေအတွက် သက်ဆိုင်ရာသံရုံးတွေက ထိထိရောက်ရောက် တာဝန်ယူကူညီဖို့လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
"အစိုးရဆိုတာ ကိုယ့်ရဲ့လူမျိုးတွေကို နိုင်ငံသူနိုင်ငံသားတွေကို ဘယ်မှာပဲဖြစ်ဖြစ် ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတယ်ဆိုတဲ့ ယဉ်ကျေးမှုတစ်ခု ထူထောင်ဖို့လိုတယ်၊ အလုပ်သမားတွေတင်မကဘူး၊ နိုင်ငံခြားကိုရောက်နေတဲ့ ကိုယ့်နိုင်ငံသားတွေကို စောင့်ရှောက်ရမယ်"
တဆက်တည်းမှာပဲ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက သမ္မတအဖြစ် ဝင်ရောက်အရွှေးခံမယ်လို့ ဝါရှင်တန်ဒီစီမှာ ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး သဘောထားကို မေးမြန်းရာမှာတော့ အခုလိုပွင့်ပွင့်လင်းလင်း ပြောဆိုတာကို နှစ်သက်ကြောင်း ဖြေကြားခဲ့ပါတယ်။