မျိုးစောင့် ဥပဒေကြမ်း ၄ ခု ဘာသာရေးလွတ်လပ် ခွင့်ကော်မရှင် ရှုတ်ချ
2015.01.23

မြန်မာနိုင်ငံက လွှတ်တော်တွေမှာ တင်ပြဆွေးနွေးနေတဲ့ လူမျိုးဘာသာဆိုင်ရာ ဥပဒေကြမ်းတွေနဲ့ပတ်သက် ပြီး ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း USCIRF ခေါ် အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ကော်မရှင်က ဇန်နဝါရီ ၂၂ ရက်နေ့ နေ့စွဲ နဲ့ ကြေညာချက်ထုတ်ပြန်ပါတယ်။
အဲ့ဒီ ဥပဒေကြမ်းတွေဟာ ဘာသာရေးလွတ်လပ်ခွင့်နဲ့ ဗုဒ္ဓဘာသာမဟုတ်သူတွေအပေါ် ပိုမိုကန့်သတ် ချုပ်ချယ်လာမှာဖြစ်ကြောင်း၊ USCIRF ကော်မရှင်အနေနဲ့ ပြီးခဲ့တဲ့နှစ် မေလကလည်း အဲ့ဒီ လူမျိုးဘာသာဆိုင်ရာ ဥပဒေကြမ်း ၄ ခုထဲက ဘာသာကူးပြောင်းခွင့် ဥပဒေကြမ်းနဲ့ပတ်သက်လို့ အပြစ်အနာအဆာ တင်းကြမ်းပြည့်နေပြီး၊ မြန်မာနိုင်ငံက ကတိကဝတ်ပြု ထားတဲ့ ဘာသာရေးယုံကြည်မှု လွတ်လပ်ခွင့် ကာကွယ်ရေးမူနဲ့လည်း ကွဲလွဲဆန့်ကျင်နေတယ် လို့ ဝေဖန်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ကော်မရှင် ဥက္ကဌ Katrina lantos Swett ကလည်း ဗုဒ္ဓဘာသာမဟုတ်သူတွေအပေါ် ဥပဒေစည်းမျဉ်းတွေနဲ့ ခွဲခြားဆက်ဆံတဲ့ အလေ့အထဟာ မြန်မာနိုင်ငံမှာ တွင်ကျယ်နေပါတယ်၊ ဒီဥပဒေကြမ်းတွေဟာ အစွဲအာဃာတတွေကို တိုက်ဖျက်ရမယ့်အစား၊ ဥပဒေတွေနဲ့ ပိုပြီးခိုင်မာ အမြစ်စွဲအောင် ဖန်တီးနေပါတယ်၊ ဘာသာရေး သည်းမခံနိုင်မှုတွေ၊ ဘာသာကွဲတွေအပေါ် အကြမ်းဖက်မှုတွေ အတွက် မီးလောင်ရာလေပင့်သလိုဖြစ်နေပါတယ်၊ အဲ့ဒီဥပဒေကြမ်းတွေ အတည်ဖြစ်သွားမယ် ဆိုရင် မြန်မာနိုင်ငံဟာ နောက်ကိုအများကြီးပြန်ဆုတ်သွားတော့မှာဖြစ်ပါတယ်လို့ ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လက USCIRF အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင်က ကိုယ်စားလှယ်နှစ်ဦး မြန်မာနိုင်ငံကို ရောက်ရှိခဲ့စဉ်ကလည်း လွှတ်တော်အမတ်တွေ၊ အစိုးရအဖွဲ့ဝင်တွေကို ဒီဥပဒေ ကြမ်းတွေနဲ့ပတ်သက်ပြီး စိုးရိမ်စရာကိစ္စတွေ တင်ပြပြောဆိုခဲ့ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။