ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ဗြိတိန်ဝန်ကြီးဟောင်း တိုက်တွန်း

RFA Burmese
2024.12.28
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ဗြိတိန်ဝန်ကြီးဟောင်း တိုက်တွန်း
Photo: RFA

စစ်ကောင်စီက ဖမ်းဆီးထားတဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ဗြိတိန်အစိုးရ ဝန်ကြီးဟောင်း ပေါလ် စကာလီ (Paul Scully) က တိုက်တွန်းလိုက်ပါတယ်။

“မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီခေါင်းဆောင်ဖြစ်တဲ့ သူမက ဘာလို့ထောင်ထဲမှာ ရှိနေတာလဲ၊ သူ့ကို လွှတ်ပေးဖို့ ကျွန်တော်တို့ ဆက်ပြီးတွန်းအားပေးသင့်တယ်” လို့ သူက ပြောပါတယ်။

ဒါပေမဲ့ လက်ရှိမှာ အာဏာနဲ့အုပ်ချုပ်နေတဲ့ မြန်မာစစ်တပ်က ပြစ်ဒဏ်ကျူးလွန်မှုကနေ ကင်းလွတ်နေတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုလှုပ်ရှားမှုဟာ လုပ်သင့်လုပ်ထိုက်တဲ့ အရာဖြစ်တယ်လို့ သူက ဆိုပါတယ်။

မစ္စတာ ပေါလ် စကာလီဟာ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေကို အကြမ်းဖက်ညှင်းပန်းနှိပ်စက်တဲ့ အရာတွေကို မြင်ခဲ့ဖူးသူဖြစ်တယ်လို့ The Independent သတင်းက ရေးသားပါတယ်။

“ရိုဟင်ဂျာတွေ နယ်စပ်ကို ဖြတ်ကျော်ဝင်ခဲ့တဲ့အချိန်က ဘင်္ဂလားဒေ့ရှ်နဲ့ နယ်စပ်တစ်ဖက်မှာ ကျွန်တော်ရှိနေတယ်။ ကျွန်တော်ရောက်နေတဲ့ တစ်ပတ်အတွင်းမှာ လူ ၁၀,၀၀၀ လောက် နယ်စပ်ဖြတ်ပြီး ဝင်လာတာတွေခဲ့တယ်။ နောက် မိနစ် ၂၀ လောက်အကြာမှာ အခြားရွာတစ်ရွာ မီး‌လောင်နေတာတွေ့ရတယ်၊ ဦးခေါင်းနောက်ပိုင်းကို ဓါးနဲ့ထိုးခံထားရတဲ့ သူလဲ တွေ့ခဲ့တယ်၊ သားဖြစ်သူ ခေါင်းဖြတ်ခံလိုက်ရတဲ့ မိခင်တစ်ဦးနဲ့လည်း တွေ့ခဲ့တယ်” လို့ မစ္စတာ စကာလီက ပြောပါတယ်။

အာဏာစတင်သိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက မိသားစုအပါအဝင် ရှေ့နေတွေနဲ့လည်း တွေ့ဆုံခွင့်မပေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ ကင်မ် အဲရစ်ကလည်း အသက် ၈၀ ပြည့်ခါနီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေဟာ စိုးရိမ်ရတဲ့အတွက် အကျဉ်းထောင်ကနေ အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟောင်းတွေဖြစ်တဲ့ William Hague၊ Sir Malcolm Rifkind နဲ့ Jack Straw တို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အကွက်ဆင်ပြီး စွဲချက်တွေ တင်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီနည်းကျ တိုင်းပြည်ကို ဦးဆောင်ထိုက်သူဖြစ်ကြောင်းနဲ့ သူ့ကို အမြန်ဆုံးလွှတ်ပေးသင့်ကြောင်း ဒီဇင်ဘာ ၁၉ ရက်နေ့က တောင်းဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။