ဆိုက်ဘာလုံခြုံရေးဥပဒေဟာ သတင်းလွတ်လပ်ခွင့်ကို ထိပါးနေကြောင်း IPCM ထုတ်ပြန်
2025.02.01

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းမီဒီယာလွတ်လပ်ခွင့် ပျောက်ဆုံးနေပြီး စစ်ကောင်စီရဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေဟာ သတင်းမီဒီယာလွတ်လပ်ခွင့်ကို တိုက်ရိုက်ထိပါးနေတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) က ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။
စစ်ကောင်စီ အသစ်ပြင်ဆင်လိုက်တဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေဟာ သတင်းမီဒီယာလွတ်လပ်ခွင့်ကို တိုက်ရိုက်ထိပါးနေသလို ပြည်သူတွေအတွက် သတင်းအမှောင်ချလိုက်တဲ့ဥပဒေတစ်မျိုးပဲလို့ IPCM ဥက္ကဋ္ဌ နန်းဖော့ဂေက ပြောပါတယ်။
“ဆိုက်ဘာလုံခြုံရေးဥပဒေဟာ သတင်းအချက်အလက်တွေ၊ သတင်းဓာတ်ပုံတွေ၊ ရုပ်သံတွေ ရိုက်ကူးနေတဲ့ သတင်းသမားတွေ သတင်းမီဒီယာတွေကိုတင် ထိခိုက်သွားတာမဟုတ်ဘဲ ဒစ်ဂျစ်တယ်ပလက်ဖောင်းကနေ သတင်းရရှိနေတဲ့ အများပြည်သူအတွက် သတင်းအမှောင်ချလိုက်တဲ့ဥပဒေတစ်ခုဖြစ်နေတယ်။ ဒါကလည်း တစ်နိုင်ငံလုံးသတင်းရရှိဖို့ကို ရိုက်ချိုးပစ်လိုက်တဲ့လုပ်ရပ်တစ်ခုလို့ ပြောရမယ်။ ဒါကြောင့်လည်း လွတ်လပ်စွာ သတင်းရရှိခွင့်တွေကို တိုက်ရိုက်ထိပါးနေတယ် ဒါကြောင့် သတင်းမီဒီယာတွေ၊ သတင်းပေးပို့သူတွေ၊ သတင်းထောက်တွေ၊ ပြည်သူတွေအကုန်လုံးရဲ့ အခွင့်အရေးကို ရိုက်ချိုးလိုက်တာဖြစ်တယ်”
စစ်တပ်အာဏာသိမ်းထားတဲ့ လေးနှစ်ကာလအတွင်း သတင်းသမား ခုနှစ်ဦး သတ်ဖြတ်ခံခဲ့ရပြီး နှစ်ရာကျော် ဖမ်းဆီးခံခဲ့ရကာ ၄၃ ဦးက အခုချိန်ထိ ထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့ IPCM ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာပြည်တွင်းမှာ သတင်းရယူခွင့်၊ သတင်းလွတ်လပ်ခွင့် လုံးဝပျောက်ဆုံးနေတယ်လို့ IPCM ဥက္ကဋ္ဌ နန်းဖော့ဂေက ပြောပါတယ်။
“စစ်တပ်က အာဏာသိမ်းပြီးလေးနှစ်အတွင်းမှာ လွတ်လပ်တဲ့သတင်းမီဒီယာဌာနတွေ၊ သတင်းထောက်တွေ နဂိုရှိနေတဲ့အရပ်ဒေသမှာ လွတ်လပ်စွာဆက်လက်လုပ်ကိုင်ခွင့်ပျောက်ဆုံးနေဆဲဖြစ်တယ်။ ပြည်တွင်းထဲမှာလည်း သတင်းသမားရယ်လို့ ဖော်ပြပြီး ပေါ်ပေါ်ထင်ထင်အလုပ်လုပ်လို့မရတဲ့အခြေအနေက အခုထိ လုံးဝလွတ်လပ်ခွင့်ပျောက်ဆုံးနေတာကို ပြသနေတယ်”
တစ်ဆက်တည်းမှာပဲ ဒီလေးနှစ်အတွင်း သတင်းသမားတွေ ဖမ်းဆီးထောင်ချခံရတာ၊ သတ်ဖြတ်ခံရတာတွေ၊ တရားစွဲဆိုခံရတာတွေ၊ သတင်းမီဒီယာလွတ်လပ်ခွင့်ပျောက်ဆုံးနေရတာတွေအပေါ် စစ်ကောင်စီလက်အောက်က မြန်မာသတင်းမီဒီယာကောင်စီအနေနဲ့ အကာအကွယ်ပေးနိုင်တာမရှိတာကို IPCM က ကန့်ကွက်ရှုတ်ချတယ်လို့လည်း သူက ပြောပါတယ်။
စစ်ကောင်စီက ပြည်သူတွေနဲ့ သတင်းသမားတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာ၊ ထောင်ချတာတွေကို ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်းနဲ့ ဒီလုပ်ရပ်တွေအတွက် တာဝန်ခံမှုရှိဖို့ IPCM က တောင်းဆိုထားပါတယ်။
IPCM ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။
အာဏာသိမ်းကာလအတွင်းမှာ မြန်မာပြည်တွင်းက သတင်းမီဒီယာလုပ်ငန်း ၁၅ ခု လုပ်ငန်းလိုင်စင်တွေ ရုပ်သိမ်းခံခဲ့ရပါတယ်။ အခုနှစ်အတွင်းမှာလည်း သတင်းဌာနတွေ မီဒီယာလုပ်ငန်းလည်ပတ်နိုင်မဲ့အခြေအနေ ပိုကျပ်တည်းလာနိုင်တယ်လို့ IPCM ဥက္ကဋ္ဌက သုံးသပ်ပါတယ်။
နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ခုနှစ် ကမ္ဘာ့သတင်းမီဒီယာလွတ်လပ်ခွင့် ညွှန်းကိန်းအရ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ အဖြစ် သတ်မှတ်ခံရပြီး အန္တရာယ်အများဆုံးအဆင့်မှာ ရှိနေတယ်လို့ ဖော်ပြခံထားရပါတယ်။