ထောင်ဒဏ်နဲ့ ငွေဒဏ်ချမှတ်မဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေ စစ်ကောင်စီ ပြဋ္ဌာန်း

RFA Burmese
2025.01.01
ထောင်ဒဏ်နဲ့ ငွေဒဏ်ချမှတ်မဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေ စစ်ကောင်စီ ပြဋ္ဌာန်း လူမှုကွန်ရက်အသုံးပြုရန်အတွက် VPN ချိတ်ဆက်နေသူတစ်ဦးအား ၂၀၂၄ ခုနှစ် ဇွန်လဆန်းက တွေ့ရစဉ်။
RFA

ဆိုက်ဘာအလွဲသုံးစားပြုတာ၊ခွင့်ပြုချက်မရှိဘဲ VPN ထူထေင်တာ ဒါမှမဟုတ် ဝန်ဆောင်မှုပေးတာနဲ့ အွန်လိုင်းလောင်းကစားစနစ် တည်ဆောက်တာတွေအတွက် ပစ်ဒဏ်ချမှတ်မယ့် ဆိုက်ဘာလုံခြုံရေးဥပဒေကို စစ်ကောင်စီက ဇန်နဝါရီ ၁ ရက်နေ့မှာ ပြဋ္ဌာန်းလိုက်ပါတယ်။

အီလက်ထရောနစ် နည်းပညာအသုံးပြုပြီး ဆိုက်ဘာတိုက်ခိုက်တာကြောင့် နိုင်ငံအချုပ်အခြာအာဏာနဲ့ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေတာတို့ကနေ ကာကွယ်ဖို့၊ ဆိုက်ဘာမှုခင်းတွေကို ထိထိရောက်ရောက် စုံစမ်းဖော်ထုတ် အရေးယူနိုင်ဖို့အတွက် အခုလို ပြဌာန်းတာလို့ ဆိုပါတယ်။

မရိုးမဖြောင့်သဘောနဲ့ ဆိုက်ဘာအရင်းအမြစ်ကို အသုံးပြုပြီး အခြားသူရဲ့ အွန်လိုင်းငွေကြေးတစ်ရပ်ရပ်ကို ခိုးယူတာ ဒါမှမဟုတ် အခြားသူတစ်ဦးဦး ပြုလုပ်ဖို့ ခိုင်းစေတာတွေကို အနည်းဆုံး နှစ်နှစ်မှ အများဆုံး ခုနစ်နှစ်ထိ ထောင်ဒဏ်ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ပါတယ်။

တရားမဝင် VPN ဝန်ဆောင်မှုအတွက် ထောင်ဒဏ် အများဆုံး ၆ လအထိ၊ ဒဏ်ငွေ အနည်းဆုံး ကျပ် ဆယ်သိန်းကနေ သိန်းတစ်ရာအထိ ချမှတ်ခံရမှာဖြစ်သလို ဒဏ်နှစ်ရပ်လုံးလဲ ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် အမှုနဲ့သက်ဆိုင်တဲ့ သက်သေခံပစ္စည်းတွေကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမယ်လို့လည်း ဖော်ပြထားပါတယ်။

ခွင့်ပြုချက်မရှိဘဲ အွန်လိုင်းလောင်းကစားစနစ် လုပ်ဆောင်သူတွေအတွက် ပြစ်မှုထင်ရှားရင် ထောင်ဒဏ် အနည်းဆုံး ၆ လမှ တစ်နှစ်၊ အနည်းဆုံး ကျပ် သိန်းငါးဆယ်ကနေ နှစ်ရာအထိ ဒဏ်ငွေ၊ ဒါမှမဟုတ် ပြစ်ဒဏ် နှစ်ရပ်လုံး ချမှတ်ခံရမယ့်အပြင် သက်သေခံပစ္စည်းတွေကိုလည်း သိမ်းဆည်းမှာဖြစ်ပါတယ်။

ဒါ့အပြင် အများပြည်သူ ကြည့်ရှုလို့ မသင့်တော်တဲ့ သတင်းအချက်အလက်တွေကို အီလက်ထရောနစ် နည်းပညာနဲ့ ဖြန့်ဝေခြင်း၊ ပေးပို့ခြင်း၊ ကူးယူခြင်း၊ ရောင်းချခြင်းတွေအတွက် ထောင်ဒဏ် အနည်းဆုံး တစ်လ မှ ခြောက်လ၊ ဒဏ်ငွေ အနည်းဆုံး ကျပ် ဆယ်သိန်းကနေ သိန်းတစ်ရာအထိ ချမှတ်မယ့်အပြင် ဒဏ်နှစ်ရပ်လုံးကိုလဲ ချမှတ်ရမယ်လို့ ဆိုပါတယ်။

ထုတ်ပြန်တဲ့ နည်းဥပဒေ စည်းမျဉ်း၊ စည်းကမ်း အမိန့် ညွှန်ကြားချက်တွေကို ဖောက်ဖျက်ကျူးလွန်ရင် ထောင်ဒဏ် တစ်လကနေ သုံးလအထိဖြစ်စေ၊ ဆယ်သိန်းကနေ သိန်းတစ်ရာထက်မပိုတဲ့ ဒဏ်ငွေဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။