ဖမ်းဆီးခံရတဲ့ မြစ်ကြီးနားက ဘာသာရေးဆရာတွေ အပါအဝင် ငါးဦး ပြန်လွတ်လာ
2024.04.23

Updated 7:32 PM Apr 23, 2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်းရွာကနေ ဧပြီလ ၂၀ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဘာသာရေးဆရာသုံးဦး အပါအဝင် အရပ်သားငါးဦး ဧပြီလ ၂၂ ရက်နေ့ ညပိုင်းမှာ ပြန်လည်လွတ်မြောက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံခဲ့ရတဲ့ ကချင်နှစ်ခြင်းအသင်းတော်က ဘာသာရေးဆရာနှစ်ဦးနဲ့ ကက်သလစ်အသင်းတော်က ဘာသာရေးဆရာတစ်ဦးအပါအဝင် ငါးဦးဟာ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့(PCG) ကြားဝင်ညှိနှိုင်းပေးမှုနဲ့ ပြန်လည်လွတ်မြောက်လာတယ်လို့ ဆိုပါတယ်။
ငါးဦးစလုံးကို အာမခံချက်နဲ့ စစ်ကောင်စီတပ်က ပြန်လွှတ်ပေးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့ညကတည်းက လွတ်လာကြတာပါ။ PCG က ကြားဝင်ညှိနှိုင်းပြီး အာမခံပေးလို့ ပြန်လွတ်လာတော့ပေါ့။ လေတပ်တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး အဓိက စစ်ဆေးမေးမြန်တယ်လို့ ပြောတယ်။ ကောင်းကောင်းမွန်မွန်ပဲ စစ်ဆေးမေးမြန်ကြတယ်တဲ့”
ဖမ်းဆီးခံရသူတွေဟာ ဘာသာရေးဆရာတွေဖြစ်တဲ့ ဦးရှောင်လာ၊ ဆရာမုန်ဆန်နော်၊ လုံဘန်ခေါထန်တိုနဲ့ ဒေသခံတွေဖြစ်တဲ့ ဦးအင်ဒွပ်ဂမ်နဲ့ ဦးလဖိုင်ဂမ်ဒွတ်တို့ ဖြစ်ပါတယ်။
ဧပြီလ ၁၉ ရက်နေ့က မြစ်ကြီးနားလေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ခံရပြီးနောက် အခုလိုဖမ်းဆီးခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒါပေမဲ့ ဧပြီလ ၁၇ ရက်နေ့က စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်လာပြီး အဲဒီညမှာပဲ ပြန်အဖမ်းခံခဲ့ရတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အကြံပေး ဒေါက်တာ ခလမ်ဆမ်ဆွန်ကတော့ ဒီနေ့အထိ မိသားစုနဲ့ အဆက်အသွယ် မရသေးပါဘူး။ သူ့ကိုမြစ်ကြီးနားအကျဉ်းထောင်ရိပ်သာမှာ ထိန်းသိမ်းထားပြီး ရှေ့နေအပါအဝင် မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရသေးတဲ့အတွက် တွေ့ဆုံခွင့်ရဖို့ကြိုးပမ်းနေတယ်လို့ ဒေါက်တာခလမ်ဆမ်ဆွန်နဲ့ နီးစပ်သူတစ်ဦးက RFA ကို ဒီနေ့(ဧပြီ ၂၃) ပြောပါတယ်။
အဲဒီနေ့ည ပြန်ဖမ်းရာမှာ ဒေါက်တာ ခလမ်ဆမ်ဆွန် သာမက ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) က အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးလမိုင်ဂွမ်ဂျာလည်း ပါ၀င်ပါတယ်။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ပြန်ဖမ်းတာမဟုတ်ဘဲ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမေးမြန်းဖို့ ခေါ်ထားတာသာဖြစ်တယ်လို့ သတင်းမီဒီယာတချို့ကို ဧပြီလ ၁၉ ရက်နေ့က ပြန်လည်ဖြေဆိုထားပါတယ်။
(မှတ်ချက်။ ။ ဤသတင်းနှင့်ပတ်သက်၍ ဒေါက်တာခလမ်ဆမ်ဆွန်နှင့်နီးစပ်သူတစ်ဦးရဲ့ ဖြေကြားချက်အား ဖြည့်စွက်ရေးသားထားပါသည်။)