ဆီဆိုင်ကို ဒုက္ခသည်နှစ်ထောင်ဝန်းကျင် ထပ်ရောက်၊ မိုးကာနဲ့ စားစရာ အရေးပေါ်လိုအပ်

ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက် ကြီးနဲ့ ပစ်ခတ်နေတာကြောင့် အသက်အန္တရာယ်စိုးရိမ်ပြီး ဒေသခံနှစ်ထောင်ဝန်းကျင် ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ကို ထပ်မံထွက်ပြေးလာတယ်လို့ ထွက်ပြေးလာတဲ့ ဒေသခံ အချို့နဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က နေ့စဉ်လိုလို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒေသခံတွေ ထိခိုက်မှု များလာလို့ ထွက်ပြေးလာတာလို့ လွိုင်လင်လေးမြို့၊ ကုန်းဆွတ်ရွာခံတစ်ဦးက RFA ကို ပြောပါတယ်။
“ရွာမှာ အလုံးကြီးတွေ ကျတာရှိတယ်။ အားလုံးက ကြောက်ကြတာပေါ့။ ဒါကြောင့် ခဏရှောင်လာကြတဲ့သဘော ဖြစ်ပါတယ်။ အခုကျနော်တို့နေတဲ့နေရာမှာ လူဦးရေက ၂၀၀ ရှိတယ်။ အစားအသောက်ရော၊ ရေရော အခက်အခဲဖြစ်နေတယ်”
အဲဒီ ကုန်းဆွတ်ရွာမှာ နေအိမ် ၂၀၀ ကျော်ရှိပြီး လူဦးရေတစ်ထောင်ကျော် နေထိုင်ကြတယ် လို့ ဆိုပါတယ်။
လက်ရှိမှာတော့ အဲဒီပတ်၀န်းကျင်က ဒေသခံအားလုံးနီးပါးဟာ ရှမ်းပြည်တောင်ပိုင်းကို ထွက်ပြေးလာကြရတာဖြစ်ပြီး နီးစပ်တဲ့နေရာတွေမှာ မိုးကာတဲတွေထိုး နေထိုင်နေကြ ရတယ်လို့ ထွက်ပြေးလာသူတွေက ပြောပါတယ်။
ကုန်းဆွတ်ရွာအပါအ၀င် ကျောက်ကြီး၊ လယ်ထွဲ၊ ကျောက်ကုန်း၊ ပဒတ်အေးနဲ့ လွိုင်လင်လေးမြို့ အရှေ့ဘက်က ရွာတွေအပြင် ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့နယ် ကနေလည်း ထွက်ပြေးလာသူတွေရှိတယ်လို့ သူတို့ကို ကူညီပေးနေတဲ့ ဆီဆိုင်မြို့ခံ တစ်ဦးက ပြောပါတယ်။
ထွက်ပြေးလာသူတွေဟာ ရှမ်း၊ ပအိုဝ်းနဲ့ ကယားတိုင်းရင်းသားတွေဖြစ်ပြီး လူဦးရေစာရင်း အတိအကျတော့ ကောက်ခံနေဆဲဖြစ်တယ်လို့ ကူညီပေးနေသူအချို့က ဆိုပါတယ်။
လက်ရှိ စစ်ဘေးဒုက္ခသည်တွေအတွက် အမိုးအကာနဲ့ စားသောက်စရာတွေ အရေးပေါ် လိုအပ်နေတယ်လို့လည်း ကူညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။
“အဓိကလိုအပ်နေတာ မိုးကာတွေလိုနေတာဗျ။ သူတို့က အစုလိုက်နေကြတာဆိုတော့ ပါလာတဲ့မိုးကာ တဲတွေက ပေါက်ပြဲနေတာ၊ ဆန်နဲ့ စားသောက်စရာတွေလည်း လိုအပ် ချက်ရှိတယ်”
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကယားပြည်နယ်နဲ့ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံ မြို့နယ်တွေ ကနေ ဆီဆိုင်မြို့ကို ထွက်ပြေးလာရသူ ငါးထောင်ဝန်းကျင် ရှိနေပါတယ်။
လက်ရှိမှာလည်း ဒုက္ခသည်နှစ်ထောင်ဝန်းကျင်လောက် ထပ်တိုးလာတဲ့အတွက် ဆီဆိုင် မြို့နယ်မှာ စစ်ဘေးဒုက္ခသည် ခုနစ်ထောင်ဝန်းကျင်အထိ ရှိလာပြီလို့ စစ်ဘေးဒုက္ခသည် အရေး ကူညီပေးနေသူတွေက ပြောပါတယ်။