ထီးချိုင့်မြို့နယ်မှာ ရွာခြောက်ရွာ စီးနင်းခံရပြီး ဒေသခံတစ်ထောင်ကျော်ထွက်ပြေး

RFA Burmese
2022.12.05
ထီးချိုင့်မြို့နယ်မှာ ရွာခြောက်ရွာ စီးနင်းခံရပြီး ဒေသခံတစ်ထောင်ကျော်ထွက်ပြေး ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့က မီးရှို့ဖျက်ဆီးခံရသည့် စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ သခွတ်ချောင်ရွာမှ နေအိမ်အချို့ကို တွေ့ရစဉ်။
Tigyaing Revolution -TR

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်က ကျေးရွာခြောက်ရွာကို ဒီဇင်ဘာလ ၄ ရက် ကစပြီး စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းနေလို့ အရပ်သား တစ်ထောင်ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သခွတ်ချောင်၊ ဆားတွင်း၊ ကွမ်းတုံ၊ ပဲခင်း၊ ရွှေချောင်းနဲ့ ဘိုတဲကုန်းရွာတွေကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းနေတာပါ။

ဒီမနက်ပိုင်းအထိ ကျေးရွာတွေထဲဝင်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေလုပ်နေတယ် လို့ ဒေသခံတွေက ပြောပါတယ်။

"မနေ့က ဝင်တဲ့ရွာတွေကိုတော့ မီးမရှို့ဘူး။ ဒီမနက်ဝင်တဲ့ ရွာသုံးရွာကိုတော့ မီးရှို့ နေတယ်။ ဘယ်လောက်ပျက်စီးသွားလဲဆိုတာတော့ ရွာမပြန်ရသေးတော့ မသိဘူးဗျ။ အခုဖြစ်တဲ့ရွာတွေမှာ ဘာတိုက်ပွဲမှမရှိဘဲနဲ့ မီးဝင်ရှို့တာ။ ဒေသခံတွေကတော့ တောခြေ (တောစပ်အနီး) သွားရှောင်နေရတာပေါ့။ ရွာငါးရွာပေါင်းရင် တစ်ထောင်ကျော်လောက် ရှိတယ်။ စစ်ကြောင်းထွက်သွားမှ ရွာပြန်ဝင်လို့ရမှာ"

ပဲခင်း၊ ရွှေချောင်းနဲ့ ဘိုတဲကုန်းရွာတွေ ဒီကနေ့မနက် မီးရှို့ဖျက်ဆီးခံနေရပေမယ့် ထိခိုက်ပျက်စီးမှု အခြေအနေ အသေးစိတ်ကို မသိရသေးဘူးလို့ ဆိုပါတယ်။

မနေ့ကတော့ သခွတ်ချောင် မီးရှို့ခံရပြီး နေအိမ်နဲ့ စပါးကျီအပါအဝင် အဆောက်အအုံ ၃၅ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီမတိုင်ခင်ကလည်း စစ်ကောင်စီတပ်က တပ်မ ၈၈၊ ခြေမြန်တပ်ရင်း (၄၁၅) က တပ်ဖွဲ့ဝင်တွေဟာ ထီးချိုင့်မြို့နယ်ထဲမှာ နိုဝင်ဘာ၂၅ ရက်ကနေ ဒီဇင်ဘာလ ၃ ရက်အထိ နယ်မြေရှင်းလင်းရေးလုပ်ခဲ့တယ်လို့ ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီဇင်ဘာလ ၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ အဲဒီတုန်းကလည်း ကျေးရွာ ခုနစ်ရွာက နေအိမ် ၄၃၇ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က ဒီကနေ့ တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ကျန်းမာရေး အခြေအနေကြောင့် မဖြေကြားနိုင်ဘူးလို့ ပြောပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) ရဲ့ ဒီဇင်ဘာ ၃ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ အာဏာသိမ်းပြီးနောက် ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် စစ်ကိုင်းတိုင်းအတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးသူ ၆၁၆,၅၀၀ ဦးရှိပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးသူက ၁ ဒသမ ၁ သန်းကျော် ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။