ရွှေကျင်မှာ လက်နက်ကြီးကြောင့် လူသုံးထောင်ကျော် ထွက်ပြေးနေရ
2023.03.10

ပဲခူးတိုင်းအရှေ့ခြမ်း၊ ရွှေကျင်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်က ရပ်ရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ရွာလေးရွာက အရပ်သား သုံးထောင်ကျော် မတ်လ ၈ ရက်နေ့ကစလို့ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဝိုင်ကျွန်း၊ ညောင်ပင်ကြီး၊ သိုက်တူးကုန်းနဲ့ သက်ကယ်ကုန်းစတဲ့ ရွာတွေထဲကို လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲတာကြောင့် တောတောင်တွေထဲ ထွက်ပြေးရတာလို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“မနက်အစောကြီး ရွာထဲတွေကို လက်နက်ကြီးတွေနဲ့ပစ်တော့ ရွားသားတွေလည်း ဘေးလွတ်ရာ ထွက်ပြေးကြရတာပေါ့။ တချို့တွေကလည်း တောတိုးကြရ၊ တချို့က လယ်ထဲတွေကို ပြေးရပေါ့။ တိုက်ပွဲမရှိလည်း ပစ်တာပဲ။ ဆွေမျိုးမရှိတဲ့သူတွေနဲ့ ကလေးငယ်ရှိတဲ့ မိသားစုတွေ ဒုက္ခများကြတာပေါ့”
ရွှေကျင်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အခု ထွက်ပြေးနေရတဲ့ ဝိုင်ကျွန်းရွာက အသက် ၅၃ နှစ်အရွယ် ဦးဝင်းဇော်၊ သိုက်တူးကုန်းရွာက အသက် ၁၉ နှစ်အရွယ် ကိုဝင်းသူရနဲ့ အသက် ၃၇ နှစ်အရွယ် ကိုသန်းလွင်တို့ သုံးဦးလည်း လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာတွေ ရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) မတ်လ ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကတော့ ဒီဖြစ်စဉ်မျိုး ပဲခူးတိုင်းအတွင်းမှာ မရှိခဲ့ဘဲ သတင်းအမှားသာဖြစ်တယ်လို့ RFA ကိုပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူး ရုံး (UN OCHA) ရဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့အထိ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် ပဲခူးတိုင်းအရှေ့ခြမ်းမှာ ဒေသခံ ၇၄၈၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
မြန်မာနိုင်ငံက မြို့နယ်ပေါင်း ၃၃၀ အနက် ၂၅၅ မြို့နယ်မှာလည်း လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတယ်လို့ မတ်လ ၃ ရက်နေ့ထုတ် ကုလသမဂ္ဂ လူ့အခွင့်အရေး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။