ကရင်မှာ စစ်ဘေးဒုက္ခသည် ငါးသိန်းကျော်လာပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေ

RFA Burmese
2023.02.28
ကရင်မှာ စစ်ဘေးဒုက္ခသည် ငါးသိန်းကျော်လာပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ဖလူး-ဝေါလေလမ်းပိုင်းတွင် ဖြစ်ပွားသည့်တိုက်ပွဲကြောင့် ပလော့တပို့ စစ်ဘေးဒုက္ခသည်စခန်းမှ လေးကေကော်ဒေသခံများ သောင်ရင်းမြစ်ဘေးတွင် ယာယီ ရှောင်တိမ်းနေထိုင်နေကြသည်ကို တွေ့ရစဉ်။
KIC

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတွေမှာ စစ်ဘေးဒုက္ခသည် ငါးသိန်းကျော် (၅၃၀,၀၀၀) အထိ တိုးလာနေတယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ရက် (KPSN) က ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အခုလိုများလာရတာဟာ ပြီးခဲ့တဲ့လပိုင်းတွေအတွင်း စစ်ကောင်စီတပ်တွေက KNU နယ်မြေမှာ လေကြောင်းတိုက်ခိုက်မှုအပါအဝင် လက်နက်ကြီးတွေနဲ့ ပြင်းထန်စွာ တိုက်ခိုက်ခဲ့တာကြောင့်လို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီအထိ ညောင်လေးပင်ခရိုင်မှာတင် စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးပစ်ခတ်မှု အကြိမ်ရေ (၅၀၀) နီးပါးနဲ့ လေကြောင်း တိုက်ခိုက်မှု (၂၀)၊ ဒရုန်းနဲ့တိုက်ခိုက်မှု (၇) ကြိမ်ရှိခဲ့ပြီး အရပ်သား ၂၉ ဦး သေဆုံးခဲ့တယ်လို့ KPSN က ဆိုပါတယ်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ စစ်အာဏာသိမ်းနှစ်နှစ်အတွင်း သထုံခရိုင်မှာ စစ်ဘေး ဒုက္ခသည် ၁၂၈,၅၃၀ ဦး၊ တောင်ငူခရိုင်မှာ ၃၇,၄၅၃ ဦး၊ ညောင်လေးပင်ခရိုင်မှာ ၁၄၂,၈၆၁ ဦး၊ တနင်္သာရီခရိုင်မှာ ၁၁,၈၂၀ ဦး၊ ဖာပွန်ခရိုင်မှာ ၁၀၄,၄၇၁ ဦး၊ ဒူးပလာယာခရိုင်မှာ ၉၇,၅၅၅ ဦးနဲ့ ဘားအံခရိုင်မှာ တစ်သောင်းအထိ ရှိလာနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၂ ခုနှစ်၊ ဩဂုတ်လအထိ KNU နယ်မြေတွေအတွင်းမှာ စစ်ဘေးဒုက္ခသည် သုံးသိန်းခွဲ နီးပါး (၃၄၇,၅၃၃) ရှိရာကနေ အခုခြောက်လအတွင်း နှစ်သိန်းနီးပါး (၁၈၅,၁၃၈) ထပ်တိုးတာဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လအထိ စစ်ဘေးဒုက္ခသည်မရှိခဲ့တဲ့ ဘားအံခရိုင်အတွင်းမှာ အခုလပိုင်းအတွင်း စစ်ဘေးဒုက္ခသည် တစ်သောင်းကျော်ရှိလာတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာအစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ ပြည်တွင်းလူမှုရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဒုက္ခသည်တွေအတွက် အရေးပေါ်လူသားချင်းစာနာမှု အကူအညီတွေပေးနိုင်ဖို့၊ ထိုင်းအစိုးရအနေနဲ့လည်း ဒုက္ခသည်တွေ နေရပ် မပြန်နိုင်ခင်မှာ နေခွင့်ပြုဖို့နဲ့ ဆေးကုသခွင့် ရရှိရေး အကူအညီတွေပေးဖို့လည်း KPSN က တောင်းဆိုထားပါတယ်။

ဒါ့အပြင် နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း စစ်ကောင်စီကို နိုင်ငံရေးနဲ့ ဘဏ္ဍာရေး အကူအညီ ရပ်ဆိုင်းဖို့၊ စစ်ကောင်စီနဲ့ တွဲဖက်နေတဲ့ကုမ္ပဏီတွေကို စီးပွားရေးပိတ်ဆို့ဖို့နဲ့ လေယာဉ်ဆီမရောင်းဖို့လည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းတိုက်တွန်းထားပါတယ်။

စစ်ဘေးဒုက္ခသည်ဦးရေ များလာတာကြောင့် လူတစ်ဦးကို ဆန်ခြောက်လစာနဲ့ လာမယ့် တစ်နှစ်စာ အခြေခံစားသောက်ကုန်အတွက် အမေရိကန်ဒေါ်လာ ၃၆ သန်း အရေးပေါ် လိုအပ်နေတယ်လို့လည်း ရေးသားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။