ကြက်ခြေနီယာဉ် နောက်တစ်စီး အပစ်ခံရလို့ ငါးဦး ဒဏ်ရာရ
2015.02.22
တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကိုးကန့်ဒေသ လောက်ကိုင်မြို့ကနေ ချင်းရွှေဟော်ကို ပြန်လာတဲ့ ကြက်ခြေနီယာဉ် တစ်စီး စနေနေ့က တိုက်ခိုက်ခံရပြီး ကြက်ခြေနီဝန်ထမ်းတစ်ဦး၊ သတင်းထောက်တစ်ဦးနဲ့ ယာဉ်ပေါ်ပါလာသူ ဒေသခံ ၃ ဦး၊ စုစုပေါင်း ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ကြေညာချက်ထုတ်ပြန်ပါတယ်။
သီတင်းတစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက် ကြက်ခြေနီယာဉ်တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။
အဲ့ဒီယာဉ်ပေါ်မှာ သတင်းထောက် ၅ ဦး၊ စစ်ပြေးဒုက္ခ သည် ၅ ဦး နဲ့ ကြက်ခြေနီဝန်ထမ်း ၂ ဦး လိုက်ပါလာခဲ့ ကြပါတယ်။ လက်မောင်းကို သေနတ်ကျည်ထိမှန်ခဲ့တဲ့ MRTV 4 သတင်းထောက် ကိုမြတ်သီဟမောင်က ကြက်ခြေနီကားကို တောင်ပေါ်ကနေ ပစ်ခတ် တာဖြစ်ကြောင်း ပြောပါတယ်။
"ကျနော်တို့ကို ဘယ်ဘက်ခြမ်း တောင်ပေါ်ကနေပိုများမယ် ထင်တယ်ဗျ၊ ပစ်တာပေါ့နော်၊ ဖောင်း၊ ဖောင်း ဆိုပြီး ပစ်လိုက်တော့ ကားကိုလာမှန်တယ်၊ ကားကိုလာ မှန်တော့ကားကို ရပ်လိုက်တယ်၊ ကလေးအမေက ကျနော့်ကိုလာပြောတယ် ဘာလုပ်ရမလဲ ပေါ့နော်၊ သူကလဲထူပူနေပြီ၊ အဲ့တော့ အမဝပ်နေ၊ ဝပ်နေလို့၊ ဝပ်နေလို့ပဲ ပြောရသေးတယ်၊ ကျနော့်လက်ကို ထိမှန်သွားတယ်၊ ထိတာကတော့ ကျနော်ရယ်၊ ကားဆရာ ကတော့ ၄ ချက်လားမသိဘူးထိတယ်ဗျ၊ ကြက်ခြေနီတစ်ယောက်ကလဲ လက်ကျိုးတယ်၊ ခြေထောက်လား၊ လက်လားမသိဘူး ထိသေးတယ်ဗျ၊ နောက်တစ်ယောက်က ကလေးအမေကတော့ တင်ပါးကိုထိသွား တယ်ဗျ"
ဒဏ်ရာရရှိသူတွေဟာ ကွမ်းလုံမြို့နယ် ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်။
တိုက်ခိုက်ခံခဲ့ရတဲ့ ကြက်ခြေနီကားကို ချင်းရွှေဟော်အခြေစိုက်တပ်မ ၁၁ က တပ်ခွဲတစ်ခွဲနီးပါး လာရောက်ခေါ်ထုတ် ခဲ့ရတယ်လို့ ပြောပါတယ်။
ဒီလ ၁၇ ရက်နေ့ကလည်း လောက်ကိုင်မြို့ကနေ ချင်းရွှေဟော်မြို့ကိုပြန်တဲ့ ကြက်ခြေနီ ယာဉ်တန်း တိုက်ခိုက်ခံခဲ့ရ ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။
ကြက်ခြေနီယာဉ်ကို တိုက်ခိုက်သူဟာ MNDAA ကိုးကန့်အဖွဲ့ဖြစ်တယ်လို့ အစိုးရက ပြောပေမဲ့၊ ကိုးကန့် အဖွဲ့ ပြောခွင့်ရသူ ဦးထွန်းမြတ်လင်းက တိုက်ခိုက်မှုဖြစ်ပွားတဲ့နေရာမှာ ကိုးကန့်တပ်တွေမရှိကြောင်း ငြင်းဆိုပါတယ်။
အခုလို ကြက်ခြေနီယာဉ်ကို ဒုတိယအကြိမ်တိုက်ခိုက်တာဟာ ဘယ်လိုမှ လက်သင့်ခံနိုင်စရာမရှိကြောင်း၊ ဘယ်သူတွေက တိုက်ခိုက်တယ်ဆိုတာမသိရပေမဲ့၊ ကြက်ခြေနီဝန်ထမ်းတွေနဲ့ အရပ်သားတွေကို ပစ်မှတ်ထား မတိုက်ခိုက်ကြဖို့ အဖွဲ့အားလုံးကို အလေးအနက်တိုက်တွန်းကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာသာလှရွှေက ပြောဆိုပါတယ်။