တပ်မတော်နဲ့ RCSS/SSA တို့ နှစ်ရက်ဆက်ပြီး တိုက်ပွဲဖြစ်ပွား


2019.06.28
rcss-ssa-622.jpg RCSS/SSA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်နယ် မိုင်းပြင်းနဲ့ ပင်လုံမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နဲ့ ၂၇ ရက်နေ့တွေမှာ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီနဲ့ အစိုးရတပ်မတော်ကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

ဇွန်လ ၂၆ ရက်နေ့မှာ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပြင်းမြို့နယ်မှာ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်တွေနဲ့ RCSS တပ်တွေ တိုက်ပွဲဖြစ်ခဲ့သလို ၂၇ ရက်နေ့မှာလည်း ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့နယ် နားတစ်ကျေး ရွာတွေမှာ တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ RCSS ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းဦးက ပြောပါတယ်။

RCSS ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းဦးတပ်မတော်က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်နေတဲ့ RCSS တပ်တွေကို လာရောက်ရှာဖွေ တိုက်ခိုက်ခဲ့တာလို့ ဒုတိယဗိုလ်မှူးကြီး စိုင်းဦးက ပြောပါတယ်။

“၂၆ ရက်ဖြစ်တာက ဒီလို့ မူးယစ်ဆေးဝါးမီးရှို့ပွဲ အခမ်းအနား တစ်နေရာမှာလုပ်တယ်၊ အဲဒီသတင်းရလို့ သူတို့က ကျနော်တို့ကို ရှာဖွေပြီးတိုက်တာ ”

ဒီတိုက်ပွဲတွေဖြစ်ပွားတဲ့နေရာတွေမှာ တပ်မတော်ဘက်က တပ်အင်အားဖြည့်တင်းတာတွေ လုပ်နေပြီး RCSS ဘက်ကတော့ အဲဒီနေရာကနေ ဆုတ်ခွာပေးလိုက်တယ်လို့ ဒုတိယဗိုလ်မှူးကြီး စိုင်းဦးက ပြောပါတယ်။

မူးယစ်ဆေးဝါးမီးရှို့ပွဲ အခမ်းအနား တစ်နေရာမှာလုပ်တယ်၊ အဲဒီသတင်းရလို့  သူတို့က ကျနော်တို့ကို ရှာဖွေပြီးတိုက်တာ (ဒုတိယဗိုလ်မှူးကြီး စိုင်းဦး၊ RCSS ပြောရေးဆိုခွင့်ရှိသူ )

တပ်မတော်အနေနဲ့ RCSS နယ်မြေတွေကို ဝင်ရောက်လာတဲ့အခါမှာ ဆက်ဆံရေးရုံးတွေကို အကြောင်းမကြားဘဲ ဝင်ရောက်လာ တာကြောင့် အခုလို ထိတွေ့မှုတွေဖြစ်တာလို့လည်း ဒုတိယ ဗိုလ်မှူးကြီး စိုင်းဦးက ပြောပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းရာ မှာတော့ တိုက်ပွဲတွေဖြစ်တာ ဟုတ်ကြောင်းနဲ့ နယ်မြေကျူးကျော် လာလို့ ထိတေ့ွမှုတွေဖြစ်တာလို့ ပြောပါတယ်။

“ ၂၆ ရက်နေ့ဖြစ်တာက နယ်မြေကျူးကျော် ဝင်ရောက်လာတာကြောင့် တိုက်ပွဲဖြစ်ပွားတာ တပ်မတော်ရဲ့ နယ်မြေဆိုတာထက် အဓိကသူတို့ကို သတ်မှတ်ပေးတဲ့နယ်မြေနဲ့ မဆိုင်တဲ့နေရာကို ဝင်လာလို့ဖြစ်တာ”

အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တပ်မတော်ကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့နေရာမှာ ပြည်နယ်နဲ့ တိုင်းအဆင့် JMC လို့ခေါ်တဲ့ ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေးပူးပေါင်းအဖွဲ့တွေက ဖြေရှင်းပေးနိုင်မှုအားနည်း တာကြောင့် အခုလို တိုက်ပွဲတွေဖြစ်နေတာလို့  စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်

ဒီလိုတိုက်ပွဲတွေဖြစ်တာနဲ့ ပတ်သက်ပြီး ဦးသန်းစိုးနိုင်က အခုလို ပြောပါတယ်။

“ အဲဒီကိစ္စတွေနဲ့ပတ်သက်ပြီး နှစ်ဘက်တပ်တွေညှိနှိုင်းပြီး ကိုယ်တပ်တွေနဲ့ကိုယ် ဆုတ်နိုင်တဲ့အနေထားရှိမှ ဖြစ်မှာပါ၊ ဒီအတိုင်းဆက်လုပ်နေရင်  တိုက်ပွဲတွေက ဆက်ဖြစ်နေမှာ ကြားနေရမှာပါ”

ဒီတိုက်ပွဲဖြစ်ပွားတာတွေနဲ့ပတ်သက်ပြီး ဆက်ဆံရေးရေးတွေကနေ တဆင့် တိုင်းစစ်ဌာနချုပ်တွေကို တိုက်ပွဲဖြစ်တဲ့အကြောင်း အကြောင်း ကြားစာတွေပို့ထားပြီး လာမယ်ဇူလှိုင်လအတွင်း တပ်မတော်တာဝန်ရှိ သူတွေနဲ့ တွေဆုံဖို့ရှိတယ်လို့လည်း RCSS က ဒုတိယဗိုလ်မှူးကြီး စိုင်းဦးက ပြောပါတယ်။

“ အရင်ကလည်း အလွတ်သဘော တွေ့ဆုံဆွေးနွေးဖို့ ညှိနှိုင်းထား တာရှိပါတယ်၊ နောက်လ ဒုတိယပတ်လောက် ခန့်မှန်းပေါနော်၊ တွေဆုံပြီးတော့ ဘယ်လို့လုပ်ကြမလဲဆိုတာ ညှိနှိုင်းသွားမှာပါ”

RCSS အဖွဲ့ဟာ အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေထဲမှာ တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားတာအများဆုံး အဖွဲ့ဖြစ်ပါတယ်။

နှစ်ဘက်တပ်တွေညှိနှိုင်းပြီး ကိုယ်တပ်တွေနဲ့ကိုယ် ဆုတ်နိုင်တဲ့ အနေထားရှိမှ ဖြစ်မှာပါ၊( ဦးသန်းစိုးနိုင်၊ စစ်ရေးနိုင်ငံရေးလေ့လာသူ)

ပြီးခဲ့တဲ့မတ်လတုန်းက တပ်မတော်ညှိနှိုင်းရေးအဖွ့ဲတွေ တွေ့ဆုံ ကာ ညှိနှိုင်းပြီး တိုက်ပွဲတွေဖြစ်ပွားတာတွေကို လျောချနိုင်ခဲ့ပြီး အခုပြန်လည်တိုက်ပွဲတွေ ပြန်ဖြစ်တာဖြစ်ပါတယ်။

(RFA သတင်းထောက် ကိုကျော်လွင်ဦး စုစည်းတင်ပြထားပါသည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။