နမ္မတူ မန်လီရွာမှာ တိုက်ပွဲတွေဖြစ်၊ နေအိမ်တွေမီးလောင်
2021.05.02
ဒီနေ့မနက် ရှစ်နာရီလောက်မှာ နမ္မတူ သီပေါလမ်းပေါ်က မန်လီရွာမှာ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ကြတာလို့ သီပေါဘက်ကို ထွက်ပြေးလာတဲ့ မန်လီရွာသားတွေက ပြောပါတယ်။
နေအိမ်တွေမီးလောင်ပြီး မန်လီရွာအနီးက ကွန်စံလိတ်ကျေးရွာမှာလည်း လက်ကြီးကျည်ဆန်တွေ ကျတာတွေရှိတယ်လို့ မန်လီ ရွာသား ကိုစိုင်းက ပြောပါတယ်။
“မနက်ပိုင်းက တိုက်ပွဲစတာလေ၊ တိုက်ပွဲစတော့ အိမ်ကသုံးလုံး မီးလောင်သွားတယ်၊ လောင်တာက အိမ်နာမည်က ဦးအိုက်အောင်၊ ပါနွေး၊ ဒေါ်အေးဟုန်း အဲသုံးအိမ် မီးလောင်သွားတယ်၊ အခုလည်း ချနေတယ်”
ပြီးခဲ့တဲ့ ဧပြီဆန်းပိုင်းကတည်းက နမ္မတူမြို့နယ် ပန်လုံ၊ မန်ကျန်း၊ မန်ဆာ၊ မန်လီ စတဲ့ရွာတွေမှာ RCSS နဲ့ TNLA ၊ SSPP ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်နေတာဖြစ်ပါတယ်။ ဒီကနေ့အထိဆိုရင် သီပေါနဲ့ နမ္မတူ မြို့တွေဆီ ထွက်ပြေးလာရတဲ့ စစ်ဘေးဒုက္ခသည် စုစုပေါင်း နှစ်ထောင်ကျော်အထိ ရှိနေပြီလို့ စစ်ဘေး ဒုက္ခသည် စခန်းရောက်နေတဲ့ သူတွေက ပြောပါတယ်။
တိုင်းရင်းသား အချင်းချင်းတွေရဲ့ ခုလိုတိုက်ပွဲတွေကြောင့် ဧပြီလဆန်းပိုင်းကတည်းက သီပေါ - နမ့်လန် လမ်းက မန်လီရွာမှာ လူဦးရေ သုံးရာဝန်းကျင်၊ စားသုံးသူရေးရာ ဂိုထောင်မှာ နှစ်ရာ့ငါးဆယ်လောက် ရှိနေပါတယ်။
သီပေါ ရေဟော်ကျောင်းမှာ ရေအိုး၊ မန်ကျန်း၊ ပန်လုံ စတဲ့ရွာတွေကနေ ထွက်ပြေးလာသူ ငါးရာကျော်ရှိ ပြီး သီပေါမြို့အထွက် ပန်နေရွာမှာလည်း တစ်ရာ့ငါးဆယ်ဝန်းကျင်လောက် ရှိနေတဲ့အတွက် လက်ရှိ သီပေါမြို့က နေရာလေးခုမှာ စစ်ဘေးရှောင် တစ်ထောင်ဝန်းကျင် ရှိနေပါတယ်။
နမ္မတူမြို့နယ်က ပန်သပြေရွာမှာ လူဦးရေငါးရာကျော်၊ မန်စံကျေးရွာမှာ သုံးရာကျော်နဲ့ ကောင်းဟုန်းရွာမှာ တစ်ရာကျော်ရှိနေတဲ့အတွက် နမ္မတူမြို့နယ်ထဲမှာလည်း စစ်ဘေးဒုက္ခသည် ဦးရေ တစ်ထောင်လောက်ရှိနေ ပါတယ်။
စစ်ဘေးရှောင်နေရတာ တစ်လကျော်ပြီဖြစ်သလို လက်ရှိလည်း တိုက်ပွဲတွေဆက်ရှိနေလို့ နေရပ်ပြန်လို့ မရသေးဘူးလို့ သီပေါစစ်ရှောင်စခန်းမှာရောက်နေတဲ့ မန်လီရွာသူ မလှရင်က ပြောပါတယ်။
“အခါတိုင်းဆိုရင် မနက်ပိုင်းရွာပြန်ပြီး ဝက်တွေဘာတွေ သွားကျွေးလို့ရတယ်၊ ဒီနေ့ဆို လုံးဝကို ပြန်လို့မရတော့ဘူး၊ အဲလိုမျိုး အကြာကြီးဖြစ်သွားရင် သမီးတို့ရွာက ဒီနေ့တောင် ငါးလုံးလောက် ပါသွားတာကြားလို့ အကုန်လုံးပါနိုင်တယ် အဲလိုမျိုးပေါ့”
နမ္မတူမြို့နယ် ပန်လုံရွာမှာတော့ RCSS တပ်ဖွဲ့တွေရှိနေပြီး မန်ဆာကျေးရွာဘက်ခြမ်းမှာတော့ SSPP/TNLA တပ်တွေရှိနေလို့ တိုက်ပွဲထပ်ဖြစ်လာနိုင်တယ်လို့ ပန်လုံရွာသားတစ်ဦးက ပြောပါတယ်။ တစ်ခါတလေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မျိုးရှိနေပြီး စစ်ရေးကတင်းမာနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“စစ်ရေးအခြေအနေက သူတို့ တစ်ဖက်နဲ့တစ်ဖက် စောင့်ကြည့်နေတာ၊ ဒီနေ့အခုနကဆိုရင် သူတို့ လေးလုံးလောက်ပစ်တယ်၊ တစ်ဖက်ကတော့ ပြန်မပစ်ဘူး၊ တိုက်ပွဲတော့ မဖြစ်ဘူးပေါ့၊ နီးနီးကပ်ကပ်ပဲ”
တိုက်ပွဲနဲ့ပတ်သက်ပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အဖွဲ့တွေက ပြန်ကြားရေးတာဝန်ရှိသူတွေကို ဆက်သွယ်ရာမှာ ဆက်သွယ်လို့မရသေးပါဘူး။ TNLA အဖွဲ့ရဲ့ ပြောခွင့်ရသူ ဒုတိယ ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်ကတော့ ဒီနေ့ မန်လီရွာဘက် တိုက်ပွဲအခြေအနေကို မသိရသေးသလို ဒီရက်ပိုင်း နမ္မတူဖက်မှာ တိုက်ပွဲတွေဖြစ်တာ မရှိကြောင်း ပြောပါတယ်။
RCSS နဲ့ SSPP/TNLA ပူးပေါင်းတပ်တို့ရဲ့ တိုက်ပွဲတွေဟာ ပြီးခဲ့တဲ့ ဧပြီလ ငါးရက်နေ့ကစပြီး ဖြစ်ပွားနေရာမှာ ပန်လုံကျေးရွာအုပ်စု ပန်လုံနဲ့မန်ကျန်းရွာက အိမ်အလုံးပေါင်းနှစ်ဆယ်ကျော် မီးလောင်ခဲ့ပြီး ဧပြီ ခြောက်ရက် နေ့မှာ မန်လီရွာက အိမ်သုံးလုံး မီးလောင်ခဲ့ပါတယ်။
ဧပြီ ၂၂ ရက်နေ့မှာ နမ္မတူမြို့နယ် မန်ဆာရွာက အိမ်ဆယ်လုံးကျော် မီးထပ်မံလောင်ခဲ့သလို ပန်လုံ၊ မန်ကျန်းရွာက နေအိမ်ဆယ်လုံးကျော် မီးထပ်မံ လောင်ခဲ့ပါတယ်။
ဧပြီလကုန်အထိ နမ္မတူမြို့နယ်ထဲ က ပန်လုံ၊ မန်ကျန်း၊ မန်ဆာ၊ မတ်လီ စတဲ့ကျေးရွာက အိမ်အလုံးပေါင်း ခြောက်ဆယ်ကျော်အထိ မီးလောင်ခဲ့ပါတယ်။
သီပေါနဲ့ နမ္မတူ လမ်းပိုင်းက ပန်လုံအုပ်စုချောင်းဆာ အုပ်စုအတွင်းကကျေးရွာတွေဟာ စစ်ရေးအရ အရေးပါတာကြောင့် တိုင်းရင်းသား လက်နက်ကိုင်တွေဟာ နယ်မြေစိုမိုးရေးအကြောင်းပြချက်နဲ့ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်ကတည်းက တိုက်ပွဲတွေ မကြာခဏဆိုသလို ဖြစ်နေပါတယ်။