ရှမ်းပြည်အရှေ့ပိုင်းမှာ စစ်ရေးတင်းမာနေပြီး တိုက်ပွဲကျယ်ပြန့်လာနိုင်ကြောင်း RCSS ပြော
2024.09.20

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပျဥ်းမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) တို့ စက်တင်ဘာ (၁၉) ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က သုံးဦးသေဆုံးကာ လက်နက် ငါးလက်သိမ်းဆည်းရခဲ့ပြီး နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ခမ်းစံက RFA ကို ပြောပါတယ်။
စစ်ကောင်စီက ထပ်ပြီးထိုးစစ်ဆင်လာရင် တိုက်ပွဲတွေကျယ်ပြန့်လာနိုင်တယ်လို့ ဗိုလ်မှူးခမ်းစံက ပြောပါတယ်။
“ရှမ်းပြည်အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲတွေ ပိုပြီးထပ်ဖြစ်လာမယ်လို့ ကျွန်တော်တို့ မြင်တယ်။ တိုက်ပွဲတွေ ကျယ်ပြန့်လာမလားဆိုတာ သူတို့အပေါ်မှာပဲ မူတည်တယ်။ ကျွန်တော်တို့ ရှိတဲ့နေရာမှာ သူတို့ လိုက်ပြီး ထိုးစစ်ဆင်မယ်ဆိုလို့ရှိရင်တော့ တိုက်ပွဲက ကျယ်ပြန့်လာမှာပဲ။ သူတို့အပေါ်မှာ မူတည်တယ်။ တိုက်ဖို့ မတိုက်ဖို့ကတော့ ကျွန်တော်တို့ မပြောလိုဘူး။ ဒါက စစ်ရေးကိစ္စ။ ဒီ တိုက်ပွဲက သူတို့ ဖော်ဆောင်လာလို့ရှိရင်တော့ ထိုးစစ်ဆင်လာမယ်ဆိုရင် တိုက်ပွဲကျယ်ပြန့်လာမှာပဲ”
လက်ရှိမှာ တိုက်ပွဲမရှိပေမဲ့ မိုင်းပျဉ်းမြို့နယ် မိုင်းပူးအွမ်ကျေးရွာအုပ်စု ဝမ်နားကျေးရွာက ဒေသခံတွေကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ ဗိုလ်မှူး ခမ်းစံက ဆက်ပြောပါတယ်။
“စက်တင်ဘာ (၂၀) ရက်မှာတော့ တိုက်ပွဲမဖြစ်တော့ဘူး။ တင်းမာမှုတော့ ရှိနေပါတယ်။ ကျွန်တော်တို့ဘက်ကလည်း အင်အားထပ်ဖြည့်တာတွေရှိတယ်။ သူတို့ လာတဲ့လမ်းကြောင်းက ရွာတွေကို ပိတ်ထားပြီး ရွာသားတွေကို ဖမ်းထားတယ်လို့ သိရပါတယ်။ ဘာကြောင့်ဖမ်းထားတာလဲဆိုတာ အတိအကျတော့ မသိရဘူး”
ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဆက်သွယ်ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
RCSS/SSA ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ လက်မှတ်ထိုးထားတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ (NSPNC) နဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့ (7 EAO Alliance) ရဲ့ အဖွဲ့ခေါင်းဆောင်နေရာမှာ တာဝန်ယူထားပါတယ်။